အာဆီယံလူသားချင်းစာနာကူညီမှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့က ရခိုင်ပြည်နယ် အတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများကို သွားရောက်လေ့လာ

နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၂၉

          သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre)က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းေ ရှာင်ပြည်သူများအတွက် (၁၄-၁၁-၂၀၁၇)ရက်နေ့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှလှူဒါန်းသည့် အမေရိကန် ဒေါ်လာလေးသိန်းခွဲခန့် တန်ဖိုးရှိသော လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများကိုလည်းကောင်း၊ (၁၄-၁၂-၂၀၁၇)ရက်နေ့တွင် စင်္ကာပူနိုင်ငံ မှလှူဒါန်းသည့် အမေရိကန်ဒေါ်လာ(၇)သောင်းခွဲခန့်တန်ဖိုး  ရှိသည့် မီးဖိုချောင်သုံးပစ္စည်းများကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ ပါသည်။

          အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ တိမ်းရှောင်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖြန့်ခွဲဆောင်ရွက်ပေးလျက်ရှိ ပါသည်။

          ထို့အပြင် AHA Centre ၏ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် အကဲဖြတ်ရေး အဖွဲ့ (Emergency Response and Assessment Team- ERAT)မှ အဖွဲ့ဝင် (၃)ဦးတို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာကူညီမှုလုပ်ငန်းများတွင် နည်းပညာဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန်၊ AHA Centre မှထောက်ပံ့ပေးထားသည့် လူသားချင်း စာနာမှုအကူအညီများ ဖြန့်ခွဲထားမှုကို သိရှိလေ့လာနိုင်ရန်နှင့် ထပ်မံ လိုအပ်နိုင်သည့် အကူအညီများအတွက် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့ များတွင် ရခိုင်ပြည်နယ်၊ငါးခူရပြန်လည်လက်ခံ ရေး စခန်းနှင့် လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါသည်။ယင်းကဲ့သို့ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် အကဲဖြတ်ရေး အဖွဲ့ ကို စေလွှတ်ဆောင်ရွက်ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထင်ဟပ်ပြသခြင်းဖြစ်ပြီး “တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု”ကို ပိုမို အသက်ဝင်စေသည့်အပြင် မြန်မာနိုင်ငံ၏  ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဒေသတွင်းနိုင်ငံများက ပိုမိုလေ့လာ သိရှိနိုင်မည် ဖြစ်ပါသည်။

 

FacebookTwitter