ငလျင်ဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် တုံ့ပြန်မှုစနစ်ကောင်းတစ်ရပ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

 နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၅          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏မြေငလျင်တုံ့ပြန်မှုသဏ္ဍာန်တူလေ့ကျင့်ခြင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို(၁.၂.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းကနေပြည်တော်၊Hiltonဟိုတယ်၌ကျင်းပပြုလုပ်ရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။

 

          ပြည်ထောင်စုဝန်ကြီးကမိမိတို့နိုင်ငံသည် ပထဝီဝင်အနေအထား၊ ရာသီဥတုအခြေအနေ တို့အရ သဘာဝဘေးအန္တရယ်များ ကျရောက်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ငလျင်ဘေး အန္တရာယ်သည် ကြိုတင်ခန့်မှန်းမရသဖြင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်ရေးအပိုင်းသည် အရေးကြီးပါကြောင်း၊ အရှေ့တောင်အာရှတွင် အကြီးမားဆုံး ဖြစ်သော စစ်ကိုင်းပြတ်ရွေ့ကြောသည် လူနေထူထပ်သည့် မြို့ကြီးများကို ဖြတ်သန်းတည်ရှိပြီး ကီလိုမီတာ(၁၅၀၀)ကျော်ရှည်လျားပါကြောင်း၊ အတိတ်ကာလတွင်လည်းမိမိတို့နိုင်ငံတွင်အင်အားပြင်းထန်သည့်ငလျင်များလှုပ်ခတ်ခဲ့ပြီးသမိုင်းဆိုင်ရာယဉ်ကျေးမှု အမွေအနှစ်များသာမက ပညာရေး၊ ကျန်းမာရေး စသည်တို့တွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ငလျင်နှင့်ပတ်သက်၍ ပြည်သူများ အသိဉာဏ်ဗဟုသုတရှိရန်လိုပါကြောင်း၊ ပြည်သူတစ်ဦးချင်းအနေဖြင့် ငလျင်လှုပ်ချိန်တွင် လုပ်ဆောင်ရမည့်အချက်များကို သိရှိစေရန်လိုအပ်ကြောင်း၊  သို့မှသာ အသက်အန္တရာယ်နှင့်  ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေမည် ဖြစ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအပိုင်းသည် အရေးကြီးပြီး ကျွမ်းကျင်မှု၊ ခေတ်မီရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများနှင့် အဆင့်မြင့်နည်းပညာများ လိုအပ်ပါကြောင်း၊ အရေးပေါ်တုံ့ပြန်ရာတွင် အားလုံးပါဝင်ဆောင်ရွက်သည့်စနစ်တစ်ခု ဖြစ်ရန်လိုပါကြောင်း၊ ပိုမိုထိရောက်သည့် စီမံခန့်ခွဲမှု ပုံစံများရရှိစေရေးအတွက် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုကို ၂၀၁၆ခုနှစ်မှစပြီး ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်နေပါကြောင်း၊ ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်ရန် ကောင်းမွန်သည့်စနစ်တစ်ရပ်ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသည့် ယနေ့ဆွေးနွေးပွဲတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများကို ကြိုတင်မှန်းဆပြီး ရင်ဆိုင်တုံ့ပြန်ရေးနည်းလမ်းများနှင့် နိုင်ငံ တကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ဖော်ထုတ်ဆွေးနွေးပေးကြရန်လိုအပ်ပါကြောင်း  ပြောကြားပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တပ်မတော်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလူသားချင်းစာနာမှုအဖွဲ့တွင်ပါဝင်သည့် UN, INGOs များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။

 

          ယင်းနောက်ကုလသမဂ္ဂဌာနေညှိနှိုင်းရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးကကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပါသည်။ အဆိုပါ မြေငလျင်တုံ့ပြန်မှု သဏ္ဍာန်တူလေ့ကျင့်ခန်း ကို (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter