ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြောကြား

နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၆

          မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်းဆိုင်ရာဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား ကို (၅.၂.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိMGalleryBySofitelHotelတွင်ကျင်းပပြုလုပ်ရာရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ၂၀၁၆ခုနှစ်၊ မေလ ကပင် စတင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၎င်းကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ(၄)ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်းဖြစ်စဉ်များသည် နှစ်ရှည်လများ စုစည်းဖြစ်ပေါ်ခဲ့သော အကြောင်းရင်းခံများကြောင့် ဖြစ်သဖြင့် ထိုအကြောင်းရင်းခံ များကို ဖော်ထုတ်၍ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်နှင့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မရှင်များ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီ အနေဖြင့် အကြံပြုချက်များအနက်မှ နိုင်ငံတော်နှင့်ပြည်သူအတွက် အမှန်တကယ်အကျိုးရှိစေမည့် လုပ်ငန်းများကို အ‌ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဦးတည်ဆောင်ရွက်နေ‌ကြာင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် ရခိုင်ပြည်နယ် တစ်ခုတည်း၏ အရေးကိစ္စမဟုတ်ဘဲ နိုင်င‌ံတော်၏အရေးကိစ္စဖြစ်သဖြင့် တစ်နိုင်ငံလုံးအနေဖြင့် ပါဝင်ဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုစီမံကိန်းတစ်ရပ်ဖြစ်သော ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကို ဆောင်ရွက်ခဲ့ပြီး UEHRD အောက်တွင် လုပ်ငန်းအဖွဲ့ (၉)ဖွဲ့ဖြင့် လုပ်ငန်းများအကောင်အထည်ဖော် လျက်ရှိကြောင်း၊ ယခုရခိုင်ပြည်နယ်၊ မောင်တောဒေသဖြစ်စဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူများရှိကြောင်း၊ နိုင်ငံအတွင်း၌ အမှန်တကယ်နေထိုင်ခဲ့သူများကို ၎င်းတို့၏ ဆန္ဒအလျောက် နေရပ်ပြန်ခြင်းအစီအစဉ်ကို နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ ပြန်လည်လက်ခံရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး အတွက်လည်း ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့က ပထမအကြိမ် မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်းဆိုင်ရာအလုပ်ရုံဆွေနွေးပွဲကို ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲရလာဒ်များ၊ အတွေ့ အကြုံများနှင့်အညီ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ပိုမိုကောင်းမွန်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန် ယခုဒုတိယအကြိမ်ဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြန်လာသူများအနေဖြင့် နိုင်ငံတွင်း၌ ဥပဒေနှင့်အညီ နေထိုင်ရန်လိုအပ်ပြီး မိမိတို့ ကလည်း ၎င်းတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပေးရန်လိုအပ်ကြောင်း၊ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို နိုင်ငံသားပေးရမည်ဖြစ်ကြောင်း၊ National Verification Process ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတွင်းနေထိုင်သူတစ်ဦးသည် မိမိအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်ရန်လိုသလို တည်ငြိမ်အေးချမ်းရေးအတွက်လည်း တာဝန်ယူရန် လိုအပ်‌ကြောင်း၊ မိမိတို့၏လုပ်ဆောင်မှုများကို ပြည်သူအားလုံး နားလည်သဘောပေါက်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အသိုင်းအဝန်း နှစ်ခုစလုံးအတွက် မူလရှိနှင့်ပြီး‌သော အလုပ်အကိုင်အခွင့်အလမ်းများအပြင် စီးပွားရေးကဏ္ဍတိုင်းကို မူလထက်ပိုမိုကောင်းမွန်သည့် အခြေအနေများဖြစ်စေရေး ဖန်တီးဖော်ဆောင်ပေးပြီး ထင်ရှားသောဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ယခင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ ထပ်မံ မဖြစ်ပွား စေရေးဆောင်ရွက်ရာတွင် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက် များသည် မှန်ကန်သည့်လုပ်ဆောင်ချက်ဖြစ်ကြောင်းကို နိုင်ငံတကာသို့ ပြနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ပြနိုင်ရန် ဆောင်ရွက်ရာတွင် မိမိတို့ပါဝင်ဆောင်ရွက်နေသူများအားလုံးကလည်း ဆောင်ရွက် ချက်များကို သဘောပေါက်နားလည်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးတည်ဆောင်ရွက်လျက်ရှိသကဲ့သို့ပင် ပြန်လည်လက်ခံရေး၊ နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းပြောကြားပါသည်။

          ဆက်လက်၍ UNHCR မှ Assistant Representative ဖြစ်သူ Ms. Cecile Fradot က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို  နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး

သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် UNHCR မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter