ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊စစ်တွေ၊၂၀၁၈၊ဖေဖေါ်ဝါရီ၁၅
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ ဘဝကနဦး ပထမရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရပြည့်ဝစွာ စားသုံးခွင့်ရ၍ ကျန်းမာ သန်စွမ်းသောလူသားအရင်းအမြစ်များအဖြစ်ရှင်သန်ကြီးပြင်းနိုင်စေရေးရည်ရွယ်ပြီးကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် အားအာဟာရအခြေအနေနိမ့်ပါးသောဒေသများဖြစ်သည့်ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်စတင် အကောင်အထည်ဖော်လျက်ရှိပါသည်။

 ၁၄.၂.၂၀၁၈ ရက်နေ့တွင် အဆိုပါအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်သော ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအားပထမအကြိမ် ငွေကြေးထောက်ပံ့မှုအခမ်းအနားအား စစ်တွေမြို့ရှိ ရွာကြီး မြောက်ဓမ္မာရုံ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့တက်ရောက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးမိခင်များအား ထောက်ပံ့ငွေများပေးအပ်ထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့ သက္ကေပြင် IDP စခန်းသို့ သွားရောက်ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်အရပထမအကြိမ်ငွေကြေးထောက်ပံ့မှုသည် ၂၀၁၇ခုနှစ် ဇူလိုှင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အကျုံးဝင်ခဲ့သောအကျိုးခံစားခွင့်ရှိသူများအတွက်ဖြစ်ပြီး စစ်တွေမြို့နယ်၌ အကျိုး ခံစားခွင့်ရှိသူဦးရေ ၈၀၇၆ ဦးရှိကြောင်းသိရပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်ကျင်းပပြုလုပ်သော“ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှရခိုင်ပြည်နယ် (၁၇)မြို့နယ် အတွင်းရှိကလေးများအားစဉ်ဆက်မပြတ် ပဲနို့အာဟာရတိုက်ကျွေးနိုင်ရန်အတွက်ပဲနို့ကြိတ်စက်များ၊ဆက်စပ်ပစ္စည်းများနှင့်နည်းပညာပေးအပ်လှူဒါန်းပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကအမှာစကားများ ပြောကြားခဲ့ပြီး ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းဥက္ကဌ၊ ဦးရှိန်ဝင်းက လှူဒါန်းရသည့် အကြောင်းရင်း၊ ပဲနို့သောက်သုံးခြင်း၏ အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားပေးခဲ့ပြီး လှူဒါန်းပစ္စည်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်မှ လက်ခံရယူခဲ့ပြီးဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ကလေးငယ်များအားပဲနို့အချိုရည်များ တိုက်ကျွေးခဲ့ကြပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားအရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပါသည်။

 

FacebookTwitter