ရခိုင်ပြည်နယ်တွင်ရေလမ်းခရီးဖြင့်ကျောင်းတက်ရသော ကျောင်းသားကျောင်းသူများအတွက် အသက်ကယ်အင်္ကျီများ ထောက်ပံ့

ရခိုင်ပြည်နယ်၊စစ်တွေ၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၁၄ရက်

          ရခိုင်ပြည်နယ်သည် မြစ်ချောင်းများပေါများပြီး ရေလမ်းခရီးကို အားထားရသော ပြည်နယ် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ရေလမ်းခရီးကို အသုံးပြု၍ ကျောင်းတက် ကျောင်းဆင်း ပြုရသော ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းစွာ ကျောင်းတက်ကျောင်းဆင်းပြုလုပ်နိုင်ရန် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အသက်ကယ်အင်္ကျီများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ (၁၃.၆.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေး၊ လူကြောင့် ဖြစ်သောဘေးများအတွက်  ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်ပွားပါက ထိထိရောက်ရောက်တုန့်ပြန် ဆောင်ရွက်ခြင်း၊ ဘေးဖြစ်ပွားပြီးနောက် ထိရောက်သော ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုံစံဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းသည် နိုင်ငံတော်၏ဦးတည်ချက်များအနက် တစ်ချက်ဖြစ်သော တရားဥပဒေစိုးမိုးရေး နှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခင်နှစ်များက ယခုလို မိုးတွင်းအချိန်ကာလတွင် စက်လှေနစ်မြုပ်၍ ကျောင်းသား ကျောင်းသူများ အသက်ဆုံးရှုံးခဲ့ရသော ဖြစ်စဉ်များ ဖြစ်ပွားဖူးပါကြောင်း၊ ထိုကြောင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အသက်ကယ်အင်္ကျီများ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ အသက်ကယ်အင်္ကျီဝတ်ဆင်၍ လှေစီးသည့်အလေ့အထကို ပုံမှန် အကျင့်တစ်ခုဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည့် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့်  ပြောကြားခဲ့ပါသည်။

          ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ရေလမ်းခရီးဖြင့် ကျောင်းတက် ကျောင်းဆင်းပြုလုပ် ရသော ကျောင်းသား၊ ကျောင်းသူ ၄၂၇၂ ဦးအတွက် အသက်ကယ်အင်္ကျီ ၄၂၇၂ထည်အား ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ရာ ပြည်နယ် ပညာရေးမှူးက လက်ခံရယူပါသည်။

          ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ  လိုအပ်နေသောအချိန်၌ ထောက်ပံ့ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ တကယ် လက်တွေ့အသုံးတည့်ပြီး အကျိုးရှိသည့် ထောက်ပံ့မှုဖြစ်ပါကြောင်း၊ မှန်မှန်ကန်ကန် သုံးစွဲသွားရန် အရေးကြီးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် ပြည်နယ်၏အနာဂါတ်ဖြစ်ပါသဖြင့် လုံခြုံ စွာ ပညာသင်ကြားနိုင်ရန် အရေးကြီးပါကြောင်း၊ အခြားလိုအပ်ချက်များကိုလည်း သေချာစွာ လေ့လာဆန်းစစ်မှုပြုလုပ်၍ ဆက်လက်ထောက်ပံ့ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

 

FacebookTwitter