(၁၅)ကြိမ်မြောက် ထူးချွန်မြန်မာအမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် ထူးချွန်မြန်မာအမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ယနေ့ နံနက်ပိုင်းတွင် တက်ရောက်အမှာစကားပြောကြား သည်။

          အခမ်းအနားတွင် ဒုတိယဥက္ကဌက ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ပေကျင်း မြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှ နိုင်ငံတော်အဆင့် လုပ်ငန်း ယန္တရားတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအစဉ် (Plan of Action)များ ရေးဆွဲဆောင်ရွက်သွားရန် ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွှင် အဖွဲ့ဝင် (၂၃)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အစိုးရ၏ခေတ်စနစ်များ ပြောင်းလဲ လာမှုနှင့်အညီ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ပြန့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများ ကော်မတီကို ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်းနှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးရေးရာကိစ္စရပ်များကိုဆောင်ရွက်နေသော သက်ဆိုင်ရာအစိုးရဌာနများအပြင် လူမှုရေးအဖွဲ့အစည်းများဖြစ်သည့် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအ ဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင် ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ကျား/မရေးရာ တန်းတူညီ မျှရေးကွန်ယက်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ယက် စသော လူမှုရေးအဖွဲ့အစည်း (၇)ဖွဲ့မှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်း ထားပါကြောင်း ပြောကြားသွားပါ သည်။

          အဆိုပါအဖွဲ့အစည်း(၇)ဖွဲ့အနက် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းသည် ၂၀၁၇ ခုနှစ်မှစတင်၍ အသစ်ဖွဲ့စည်းထားသော အဖွဲ့အစည်း အသစ်တစ်ခုဖြစ်ပြီး မွေးကင်းစကလေးငယ်များ  စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းများ ကို ရည်ရွယ်ချက်(၂)ရပ်ဖြစ်သည့် ရင်ခွင့်မဲ့ကလေးငယ်များဖြစ်ခြင်းကို လျော့ချရန်နှင့် ရင်ခွင်မဲ့ ကလေးငယ်များအား ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပါ   အခြေခံအခွင့်အရေး များနှင့်အညီ   ကာကွယ်စောင့် ရှောက်မှုပေးရန် စသည့်ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်လျက်ရှိပြီး အသင်းအနေဖြင့် ပြည်သူလူထုအတွင်း အသိပညာတိုးပွားစေရန် စည်းရုံးလုပ်ရှားဆောင်ရွက်ခြင်း မိဘများအနေဖြင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မှန်ကန်သော ကလေးပြုစု စောင့် ရှောက် ရေးစနစ်များ သိမြင်လာစေရေးအတွက် အသိပညာပေးခြင်းတို့ကို အမျိုးသမီးအရေး ဦးဆောင် နေသော လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

          မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန်(၁၂)ရပ်ကို အကောင်အထည် ဖော်ရာတွင် အခမ်းအနားများ ကျင်းပပေးလျက် ထူးချွန်အမျိုးသမီးများ ဂုဏ်ပြုဆုချီးမြှင့်ပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့်အတွက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို မိမိအနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ထပ်လောင်းပြောကြားပါသည်။

          ဆက်လက်၍ ဒုတိယဥက္ကဌက ဇူလိုင်လ(၃)ရက်နေ့၌ကျင်းပခဲ့သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှာစကားကိုလည်း မိမိတို့အတွက် တကယ်လက်တွေ့အမှန်တကယ်ကျင့်သုံးရန် လိုအပ်သဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသွားပါသည်။

          ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌဒေါက်တာသက်သက်ဇင်က ထူးချွန်ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ အသေးစိတ်ရှင်လင်းပြောကြားပြီး ထူးချွန်အမျိုးသမီးများဆု၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အကောင်းဆုံးဆုများနှင့် အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် ဆုရ အမျိုးသမီးများအား  ဂုဏ်ပြုဆုတံဆိပ်အသီးသီးပေးအပ်၍ စုပေါင်းအမှတ်တရဓာတ်ပုံရိုက် ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီး / ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ များနှင့် အတွင်းရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter