မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများမိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၉
              လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်သည် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ကျင်းပသည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ မိတ်ဆက်ခြင်းအခမ်းအနားသို့ ယနေ့မွှန်းလွဲပိုင်းတွင် တက်ရောက်အမှာစကားပြောကြားသည်။
ယနေ့အခမ်းအနားသည် (၂.၃)သန်းကျော်သော မသန်စွမ်းပြည်သူများအပြင် အများပြည်သူများ မျှော်လင့်လျက်ရှိသည့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ မိတ်ဆက်ခြင်း အခမ်းအနား ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုဟူ၍ ရှေးယခင် အချိန်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွှင် မြန်မာနိုင်ငံ အနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံ အဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး  နောက်ပိုင်းတွင်   မသန်စွမ်းသူများ၏ ပြန်လည်ထူထောင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိစေရန် ပိုမိုကြိုးစားဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများ မြန်မာနိုင်ငံရှိ မသန်စွမ်းပြည်သူများ ကြိုးပမ်းမှုနှင့်  ၂၀၁၅ ခုနှစ်၊ ဇွန်လ ၅  ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့တွင်
မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆက်လက်၍ ထုတ်ပြန်နိုင် ခဲ့ပါကြောင်း။ ၎င်းဥပဒေ၊ နည်းဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်မည့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ပါ၍ ယခုအခါ    ဥပဒေအား အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း
ဥပဒေ၊ နည်းဥပဒေများအား အဓိကအကောင်အထည်ဖော် ဆောင်ရွက်မည့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်၍ မသန်စွမ်းသူများအနေနှင့် လူသားတိုင်းခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များအားလုံးကို တိုးတက်ရရှိ လာနိုင်မည် ဖြစ်ကြောင်း၊ များမကြာသောအချိန်ကာလတစ်ခုခုတွင် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို အများနှင့်တန်းတူ အပြည့်အဝခံစားရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                ဆက်လက်၍ The Leprosy Mission Myanmar (TLMI) မှ   Country Director ဖြစ်သူ ဒေါက်တာဇော်မိုးအောင်က   အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍   အသေးစိတ်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက မသန်စွမ်းသူများ အခွင့်အရေး နည်းဥပဒေ(၂၀၁၇)ခုနှစ်  စာအုပ် အား ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာ၊ အသင်းအဖွဲများမှ တက်ရောက်လာသူကိုယ်စားလှယ်များမှ
အထွေထွေဆွေးနွေးခြင်း တို့အား ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အတွင်းရေးမှူး၊ ဦးမြတ်သူဝင်းက ကျေးဇူးတင်စကား ပြောကြားကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
           အဆိုပါအခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအသီးသီးနှင့်အသင်းအဖွဲ့များမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။

 

FacebookTwitter