ပြည်သူ့အကျိုးအတွက် ပြည်သူက ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း အလှူငွေ ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၉

          ရေချိုရရှိရေး အခက်အခဲကြုံတွေ့နေရသော ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေးရွာရှိ ပြည်သူများအတွက် စက်ရေတွင်းတူးဖော်ရန် အလှူငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအလှူငွေပေးအပ်လှူဒါန်းပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားရာတွင် “ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီး ကျေရွာရှိ ပြည်သူများအနေဖြင့် နှစ်စဉ်ရေရှားပါးမှုနှင့် ရေချို ရေသန့် သောက်သုံးရန်အတွက် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ယခုလိုလှူဒါန်းမှုသည် လိုအပ်သောနေရာ၊ လိုအပ်သော အချိန်တွင် အမှန်တကယ်အသုံးပြုသဖြင့် များစွာအကျိုးရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များစွာရှိနေပြီး၊ အစိုးရနှင့်ပြည်သူ ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူ့အကျိုး အတွက် ပြည်သူက ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသည် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုပြီး အပြန်အလှန်ဆက်စပ်၍ အကျိုးပြုပါကြောင်း၊ ယခုအခါ သဘာဝဘေးအန္တရာယ်များသည် အချိန်တိုအတွင်း ထိခိုက်မှုကိုများစေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်ချက် များ ရှိပါကြောင်းနှင့် အလှူငွေ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားပါသည်။

          ထို့နောက် ၁၉၇၂-၁၉၈၀ခုနှစ်၊ ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ဟောင်းများက အလှူငွေကျပ် (၂၁)သိန်း၊ ဦးသိန်းကြည်+ ဒေါ်သန်းသန်းဌေး၊ သား- ဖြိုးဇော်သိန်း+ မဇွဲမိုးနိုင်၊ သား-‌ဝေယံဘုန်းပိုင် မိသားစု (နယူးယောက်)က အလှူငွေကျပ် (၃၅)သိန်း၊ Dr.Paul & Dr. Quilly Teoh Lee(နယူးယောက်)က အလှူငွေကျပ် (၃၅)သိန်းနှင့် ဦးခင်မောင်ရီ+ ဒေါ်တင်တင်မြင့် မိသားစုနှင့် ဆွေမျိုးများက အလှူငွေကျပ် (၁၅)သိန်းတို့ကို အသီးသီးပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter