မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိရေဘေးသင့် ပြည်သူများအားကူညီကယ်ဆယ် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ဇူလိုင်၊ ၂၉၊ ကျောက်တံခါး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယမန်နေ့မွန်းလွဲပိုင်းတွင်ပဲခူးမြို့မှ မွန်ပြည်နယ် ဘီးလင်းမြို့သို့ သွားရောက်ခဲ့ ပြီးပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယာယီရေဘေးရှောင်စခန်းများ ရှိရေဘေးသင့်ပြည်သူ လူထုများ ကိုတွေ့ဆုံကာအားပေးစကားပြောကြားပြီးလိုအပ်သောဆန်ရိက္ခာဖိုး၊ စားသုံးဆီ၊ ငါးသေတ္တာနှင့် လူမှုရေးအကူအညီများ၊ ကယ်ဆယ်ရေး တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးခဲ့သောတပ်မတော်သား (၃)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ စက်တပ်လှေ(၅)စင်းပေး အပ်ခြင်းနှင့် ရေဘေးခိုလှုံရာအဆောက်အဦး (cyclone shelter) (၂)လုံးဆောက်လုပ်ရန်အတွက်စီစဉ်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဘီးလင်းမြို့ပေါ်ရှိ သာသနဝိပုလ္လကာရီဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသောရေဘေးရှောင်စခန်းရှိရေဘေးသင့်ပြည်သူများကိုဆန်ရိက္ခာဖိုး၊ စားသုံးဆီ၊ ငါးသေတ္တာနှင့် လူမှုရေးအကူအညီများထောက်ပံ့ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကအားပေးစကားပြောကြားရာတွင် လိုအပ်ချက်အလိုက်ဆက်လက်၍ထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ပြည်သူများကလည်းပကတိအခြေအနေအရလိုအပ်ချက်များကိုဆွေးနွေးအကြံပြုကြစေလိုကြောင်းနှင့်အတူတကွပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီးကိုယ်ဝန်ဆောင်များနှင့်ကလေးငယ်များအတွက်လည်းထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်(၂၉)ရက်နေ့နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ပဲနွယ်ကုန်းမြို့၊ကွင်းချောင်းဝကျေးရွာ၊ ဆေးချောင်းဝဘုန်းတော်ကြီးကျောင်းတွင်ရောက်ရှိနေသောရေဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များသည် ပိုမိုပြင်းထန်လာပါကြောင်း၊ အခုလိုယာယီစခန်းများသို့ခေတ္တရောက်ရှိနေစဉ် ပြည်ထောင်စုအစိုးရကတိုက်ရိုက်လာ၍ထောက်ပံ့ခြင်းဖြစ်ကြောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပြည်သူလူထုများကလည်းပူးပေါင်းကူညီနေကြသည်ကိုသိရှိရပါကြောင်း၊ ယခုလိုထောက်ပံ့မှုသည် ပြည်သူ့ဘဏ္ဍာကိုသုံးစွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာများ ပြည်သူများထံလိုအပ်သောအချိန်တွင် လိုအပ်သူများထံအချိန်မီလေလွင့်မှုမရှိဘဲရောက်ရှိအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးဆန်ရိက္ခာဖိုးများ၊  ကိုယ်ဝန်ဆောင်များနှင့်မွေးကင်းစကလေးများအတွက် စုစုပေါင်းထောက်ပံ့ပေးငွေ ကျပ်သိန်း(၁၁၀)ကျော်အားပေးအပ်ခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိစစ်တောင်းမြစ် ရေကာတာ ရေတိုးဝင်မှုအခြေအနေအားကြည့်ရှုပြီး၊ ရေကာတာကြံ့ခိုင်မှုအတွက်စုပေါင်း၍ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေကြသောပြည်သူများကိုကျေးဇူးတင်အားပေးစကားပြောကြားပြီးထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ်၊ မိုးကုတ်ဝိပဿနာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသောယာယီရေဘေးရှောင်စခန်းရှိရေဘေးသင့်ပြည်သူများကိုအားပေးစကားပြောကြားခဲ့ပြီးဆန်ရိက္ခာဖိုးများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များ၊မွေးကင်းစကလေးများနှင့် ကျောင်းသားကျောင်းသူများအတွက် ထောက်ပံ့ငွေစုစုပေါင်းကျပ်(၅၉) သိန်းကျော်အားပေးအပ်ခဲ့ပါသည်။

         ခရီးစဉ်အတွင်းပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter