မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးအလွဲသုံးမှုအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့နှင့် ကုသရေးလုပ်ငန်းအဖွဲ့မူဝါဒဆိုင်ရာအစည်းအဝေးကျင်းပခြင်း

နေပြည်တော် ၊  ၂.၈.၂၀၁၈

          မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး အလွဲသုံးမှုအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့နှင့် ကုသရေးလုပ်ငန်းအဖွဲ့တို့၏ မူဝါဒဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့ (၂.၈.၂၀၁၈) နေ့လယ်(၂း၀၀)နာရီတွင် ကျင်းပရာ ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ဥက္ကဌ၊   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာ စကားပြောကြား သည်။                               

      ဒုတိယဝန်ကြီးမှ ယခုအစည်းအဝေးသည် တတိယအကြိမ်(၂၁)ရာစုပင်လုံညီလာခံ၏ ပြည်ထောင်စုသဘောတူစာချုပ်ပါ အစိတ်အပိုင်း (၂)၏ နောက်ဆက်တွဲ(ဂ)ပါ လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက် (၇)ချက်အနက် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများ အလွဲသုံးမှုဆိုင်ရာ အန္တရာယ်လျှော့ချရေး (Harm Reduction)၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သောမူဝါဒများ ချမှတ်ဆောင်ရွက်ရန်” ဆိုသည့် အချက်ကိုဖော်ဆောင်နိုင်ရန်အတွက် မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် မူဝါဒများပေါင်းစပ်ညှိနှိုင်းရေး ဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့(၁၀)ဖွဲ့အနက် ယခုအစည်းအဝေးကို တက်ရောက် လာသည့် လုပ်ငန်းအဖွဲ့(၂)ဖွဲ့ကလူမှုရေးကဏ္ဍအခြေခံမူသဘောတူညီချက်ပါအချက်ကိုလမ်းညွှန်ချက်ဟုခံယူပြီးမူဝါဒချမှတ်ရန်လိုအပ်ကြောင်း၊ ထိုမူဝါဒသည်လည်းအမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လက်တွေ့ဆန်သည့် မူဝါဒဖြစ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးရေးဆွဲကြရန်ဖြစ်ကြောင်းပြောကြားသည်။   ဆက်လက်၍ မူဝါဒရေးဆွဲရာတွင်လည်း အကောင်အထည်ဖော် မည့် နည်းဗျူဟာများ ကိုဆောင်ရွက်ရန်လိုအပ်မည့် ဘဏ္ဍာရန်ပုံငွေကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့်လည်း လိုက်လျောညီထွေဖြစ်ရန် လိုအပ်သကဲ့သို့ ပြင်ဆင်ပြောင်းလဲပြဌာန်းခဲ့သည့် မူးယစ်ဥပဒေနှင့်လည်း ဟန်ချက်ညီရန် လိုအပ်ကြောင်းပြောကြားသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မူးယစ်ဆေးစွဲရောဂါကုသရေးစီမံချက်၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားတင်ပြဆွေးနွေးကြပြီးကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သောမူဝါဒပေါ်ထွက်လာစေရန် အကြံပြုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

FacebookTwitter