ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက်လိုအပ်သောကူညီထောက်ပံ့မှုများဆက်လက်ပေးအပ်ရန်နှင့် ပြန်လည်ထူထောင်ရေးအလျင်အမြန်အကောင်အထည်ဖေါ်ရန်စီမံချက်ဖေါ်ဆောင်၍ဆောင်ရွက်ရန်

   သြဂုတ်၊ ၃၊ မော်လမြိုင်

         အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ ရေးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အမြန်စတင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။                                        အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများကြောင့် လယ်ယာမြေနှင့် သီးနှံဆုံးရှုံးမှုများ၊ လမ်းတံတားပျက်စီးမှုများ၊ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လိုအပ်ချက်များကို အမြန်ပြန်လည် ဖြည့်ဆည်းပေးရန်၊ ရေဘေးသင့်ပြည်သူများ မိမိတို့၏ အသက်မွေးလုပ်ငန်းများသို့ ပြန်လည်ဝင်ရာက်လုပ်ကိုင်နိုင်ရေး၊ လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် အစားအစာကိစ္စရပ်များ၊ ရေများပြန်ကျပြီးနောက် ရေတွင်းရေကန်များ ပြန်လည်တူးဖေါ်ရေးနှင့် ရေသန့်ရရှိရေး၊ ကျောင်းများ အမြန်ပြန်လည်ဖွင့်မည်ဖြစ်၍ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးနိုင်ရေးနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်း၍ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များနှင့်အတူပူးပေါင်းကာ စီမံချက်ဖေါ်ဆောင်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေး အပိုင်းတွင် ဆောင်ရွက်ရမည့် အခြေအနေများအတွက် အကြံပြုဆွေးနွေးကြပါရန် ပြောကြားခဲ့ပါ သည်။                                                    

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက အခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများ၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမျာကို ပြန်လည်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လုပ်ငန်းများ အမြန်စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။          ဆက်လက်၍ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းပွဲကို ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေသန့်ဆေးများနှင့် ဓါတ်ဆားမှှုန့်ထုပ်များကိုလည်ကောင်း၊ ဦးကိုကိုဦး + ဒေါ်စန္ဒာအောင်မိသားစုက အလှူငွေကျပ် သိန်း(၃၀၀)နှင့် ဘုတ်ဆုံမမိသားစုက ကျပ်(၅၅)သိန်းကျော်တန်ဖိုးရှိ ဆန်နှင့်စားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။        

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ ရွှေယဉ်မျှော်ဘုရားကုန်းတော်နှင့်ပြည်နယ် အားကစားခန်းမတွင်တို့တွင် ဖွင့်လှစ်ထားရှိသော ယာယီ ရေဘေးရှောင်စခန်းများသို့ ရောက်ရှိကြပြီး ပြည်သူများစခန်းတွင်နေထိုင်စဉ် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ထောက်ပံ့ပစ္စည်းများစနစ်တကျ ဖြန့်ဝေပေးနေမှု အခြေအနေများကိုလေ့လာပြီး ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးဝေခြင်း၊ ကိုယ်ဝန်ဆောင်နှင့် ရင်ခွင်ပိုက်ကလေးငယ် မိခင်များကို ထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။                                                                                 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ရောက်ရှိကြပြီး ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် မွန်ပြည်နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများက မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများနှင့် ယခုလက်ရှိအခြေအနေများ အခြေခံအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများနှင့် လမ်းပန်း ဆက်သွယ်မှုအခြေအနေများ၊ ရေဘေးသင့်ပြည်သူများ၏ အခြေခံလိုအပ်ချက်များနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် လိုအပ်မည့်အခြေအနေများကိုအသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကနေဦးကောက်ယူရရှိထားသော စာရင်းဇယားများတွင် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရန်နှင့် ရေကျပြီးနောက် ရေသန့်ရရှိရေးအတွက် ရေစုပ်စက်များနှင့် ရေသန့်ဆေးများကို ထောက်ပံ့ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ကဏ္ဍအသီးသီးက လိုအပ်ချက်အတွက် ဝန်ကြီးဌာနများကရရှိပြီးသော ဘတ်ဂျက်နှင့် ထပ်မံလိုအပ်သော ဘဏ္ဍာငွေဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ထူထောင်ရေး ညှိနှိုင်းမှုကော်မတီနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့က ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ ပြဌာန်းထားသောဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကိုလည်း ခေတ်နှင့်အညီ လျော်ညီအောင် ပြင်ဆင်ဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအတွက် တရားဥပဒေစိုမိုးရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ကြုံတွေ့နိုင်သည့် အခက်အခဲများကိုအစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး၏ စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။          ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter