မြန်မာနိုင်ငံ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုပိုမိုဖြစ်ပေါ်လာမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြား

၅.၈.၂၀၁၈၊ နေပြည်တော်

         ၂၀၁၈ခုနှစ်၊ဩဂုတ်လ(၅)ရက်နေ့တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသား အဆင့်မဟာဗျူဟာရေးဆွဲရေး(တတိယ)အကြိမ်အစည်းအဝေးကိုကျင်းပခဲ့ပါသည်။အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး /ပြည်နယ်များမှလူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး /ပြည်နယ်များမှလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေးလူငယ်ကိုယ်စားလှယ်များ၊ UN Agencies နှင့် အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများ၊နည်းပညာအကြံပေးပုဂ္ဂိုလ်နှင့် ဖိတ်ကြားထားသူများစုစုပေါင်း (၅၃) ဦးတက်ရောက်ခဲ့ပါသည်။  

  အစည်းအဝေးတွင်ပြည်ထောင်စု ဝန်ကြီးအဖွင့်အမှာစကားပြောကြားရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းရေးဆွဲလာသည်မှာ တတိယအကြိမ်သို့ေ ရာက်ရှိလာပြီဖြစ်ပါကြောင်း၊ လူငယ်များကိုယ်တိုင်ရေးဆွဲထားသည့်လူငယ်ရေးရာမူဝါဒမှာဖြူစင်သောမူဝါဒဖြစ်ပြီး လူငယ်ထုအားလုံးကို ကိုယ်စားပြုရမှာဖြစ်ပါကြောင်း၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စတဲ့ ဗလ(၅)တန်ပြည့်စုံစေရန် လူငယ်ဖွံ့ဖြိုးရေးကဏ္ဍ(၁၆)ချက်ပါရှိကြောင်း၊ယခု ရေးဆွဲသောလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းသည်လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ (၂၁)ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို (၃)ကြိမ်တိုင်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ပထမအကြိမ်အစည်းအဝေးတွင် သဘောတူညီချက် မရရှိခဲ့သော်လည်း ဒုတိယအကြိမ်အစည်းအဝေးတွင် သဘောတူညီချက် (၃၇)ချက်၊ တတိယအကြိမ် အစည်းအဝေး သဘောတူညီချက်(၁၄)ချက် စုစုပေါင်း(၅၁)ချက် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ လူမှုရေးကဏ္ဍ သဘောတူ ညီချက်များလည်း ပါရှိပါကြောင်း၊ ယခုတက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များ အနေဖြင့်(၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးများကို မျက်ခြေမပြတ်လေ့လာသင့်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကိုဖော်ဆောင်နိုင်ရေးအတွက် လူငယ်များအနေဖြင့်စည်းလုံးညီညွတ်မှုဖြင့် မတူကွဲပြားသောအခြေအနေများကို ညှိနှိုင်းပေါင်းစပ်၍လူငယ်ထုအားလုံးအတွက် လူငယ်ရေးရာ မူဝါဒကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့်မဟာဗျူဟာစီမံချက်ကို စည်းလုံးညီညွတ် မှုဖြင့်ရေးဆွဲကြရန်၊ လူငယ်မူဝါဒ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ဆက်နွယ်နေသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများပါဝင်၍ ဝန်ကြီးဌာနအသီးသီးက အကောင်အထည်ဖေါ်နေသောလူငယ်များနှင့် ဆက်စပ်သည့် စီမံကိန်းများအကြောင်းကိုလည်း ဆွေးနွေးပေးမှာဖြစ်ကြောင်း၊ ဝန်ကြီးဌာန အသီးသီးတွင်သက်ဆိုင်ရာကဏ္ဍအလိုက်ရေးဆွဲထားသောစီမံကိန်းများနှင့်ချိတ်ဆက်ဆောင်ရွက် ရန်လိုအပ်ကြောင်းနှင့် အမျိုးသားအဆင့် မဟာဗျူဟာပေါ်ထွက်လာလျှင်လည်း လူငယ်များ ကိုယ်တိုင်အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်းပြောကြားသွားပါသည်။

         ပဉ္စမအကြိမ်မြောက် Child’s Dream Alumni Association (CDAA) Myanmar Conference ကို (၄-၈-၂၀၁၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Chatrium Hotel Royal Lake Yangonတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာ စကားပြောကြား ခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးက အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်လူငယ်များ၏ လိုအပ် လျက်ရှိသော လူငယ်မူဝါဒကို အစိုးရသစ်၏ရက်(၁၀၀)စီမံချက်တွင် ထည့်သွင်းပြီးစတင် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့တွင် စတင်ဖြန့်ချိ နိုင်ခဲ့ပါကြောင်း၊ လူငယ်များကိုယ်တိုင်ရေးစွဲထားသော အဆိုပါလူငယ်မူဝါဒသည် မြန်မာ့လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်တစ်ခုလည်းဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် မိမိနိုင်ငံ၏သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေ၊ အနာဂတ်အတွက် ဆက်လက် ဆောင်ရွက်မည့် မူဝါဒလမ်းစဉ်များကို သိရှိလေ့လာပြီး မိမိပါဝင်ရမည့် အခန်းကဏ္ဍကိုလည်း ပိုမိုအကျိုးရှိ စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လူဆိုသည်က ကလေးဘဝကပင် ဖြစ်ခြင်သော ဆန္ဒကိုအိမ်မက်အဖြစ် ဖန်တီးမြင်ယောင် တတ်ပြီး ယခုလူငယ်များ အနေဖြင့်လည်းဆောင်ရွက် လိုသည့် အိမ်မက်များကိုစီရှိနေနိုင်ပါကြောင်း၊ ၎င်းအိမ်မက်များလှပပြီး အမှန်အကောင်အထည် ဖေါ်ဖို့ အတွက် ဖန်တီးပုံဖေါ်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ မွေးကင်းစအရွယ်မှစ၍ သက်ကြီးရွယ်အို အထိလျှောက်လှမ်းကြရသည့် ဘဝခရီးတွင် မိမိနှင့် အခြားသူများအတွက် မည်သို့လှပကောင်းမွန် အောင်ဆောင်ရွက်မည်ဆိုသည်ကလည်းအရေးကြီးပါကြောင်း၊ လူငယ်များဗလ ငါးတန် ဖွံ့ဖြိုးပြီး နိုင်ငံတော်အတွက် မိမိကျရာအခန်းကဏ္ဍမှ ပြန်လည်အကျိုးပြုစေနိုင်ဖို့ အချင်းချင်းစည်းလုံးခြင်း၊ ပါဝင်ဆောင်ရွက်ခွင့်ရခြင်းများကို လက်တွေ့အကောင်အထည်ဖေါ်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီရေး၊ လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသော အသိုင်းအဝိုင်းဖြစ်ပေါ်ရေးအတွက် မိမိကိုယ်တိုင်ပါဝင် ဆောင်ရွက်ခြင်းနှင့် အခြား သူများကိုလည်း ပါဝင်လာစေပြီး အကျိုးကျေးဇူးများရစေရေးကိုဆောင်ရွက်ကြစေလို ပါကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်၊ မူးယစ်ဆေးဝါး သုံးစွဲမှုပပျောက်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊  လူမှုရေး၊ ကျားမရေးရာတန်းတူညီမျှမှု စသည့်ကိစ္စရပ်များတွင်လည်း လူငယ်များ အနေဖြင့် ပါဝင်ခွင့်ရကြမည်ဖြစ်ကြောင်း၊ လူငယ်များသည် မြန်မာနိုင်ငံ၏မည်သည့် နေရာတွင် ရှိသည်ဖြစ်စေတန်းတူညီမျှမှုရရှိစေရေး၊ တရားသောဥပဒေများ၏ သက်ရောက်မှုဖြင့် အကာအကွယ်ရရှိနိုင်ရေး၊ အချင်းချင်းခွဲခြားမှုမရှိညီညွတ်မှုဖြင့် ရပ်တည်ပြီးဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိကာအနာဂတ်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ကြီးကို ကြုံတွေ့ရမည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

         အဆိုပါညီလာခံသို့ Child Dream မှ ပညာတော်သင်ဆုဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာသင်ကြားခဲ့ကြသည့် နိုင်ငံအတွက် ဒေသအသီးသီးတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် လုပ်ကိုင်ဆောင်ရွက်နေကြသောလူငယ်များ ပါဝင်တက် ရောက်ကြပြီး အချင်းချင်းရေရှည် တည်တံ့သောကွန်ယက် တည်ဆောက်ရန်၊ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းသစ်များမျှဝေပေးရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု သောဗဟုသုတအချက်အလက်များ၊ အတတ်ပညာနှင့် အရင်းအမြစ်များကိုမျှဝေပေးရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ပါသည်။

FacebookTwitter