ပြည်သူ့အကျိုး ဖော်ဆောင်ရာတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဝန်ထမ်းများ ကိုယ်တိုင် ဆန္ဒထုတ်ဖော် ဆွေးနွေးခြင်းဆောင်ရွက်

၁၇-၈-၂၀၁၈၊ နေပြည်တော်

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ဝန်ထမ်းဆန္ဒ ဖော်ထုတ်ပွဲကို ယနေ့ နံနက်(၁၁)နာရီတွင် ဝန်ကြီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခုစလုံး၏ လုပ်ငန်း ဆောင်ရွက်ချက်များသည် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး တာဝန်ရှိမှုအပြင် စေတနာကိုပါ ပေါင်းစပ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်အတိုင်း ပြည်သူများအတွင်း ပုံရိပ်အဖြစ် ပေါ်လွင်စေမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ပုံရိပ်သည် ပြည်ထောင်စုဝန်ကြီးကစ၍ အခြေခံဝန်ထမ်းများအထိ ဝန်ထမ်းအားလုံး၏ ဆောင်ရွက်မှု အပေါ်မူတည်ကြောင်း၊ ဆောင်ရွက်ချက်နှင့်ပုံရိပ် ထပ်တူ ကျနေမည်ဖြစ်ကြောင်း၊ ဆောင်ရွက်တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်များကို သိရှိနားလည်အောင် ကြိုးစားရမည်ဖြစ်ပြီး ကိုက်ညီအောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရသင့်သော အခွင့်အရေးများကိုရရှိရန် မိမိတို့ထမ်းဆောင်ရမည့် တာဝန်များကိုလည်း ကျေပွန်ရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို အမြဲဆန်းစစ် နေရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်ပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး အခွင့်အရေး ရရှိမှုတူညီမည် မဟုတ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်ကလည်း ဆရာမွေး၊ တပည့်မွေးခြင်းနှင့် တရားမျှတမှု မရှိခြင်းများ မဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ရာထူးတိုးမူဝါဒ၊ နိုင်ငံခြား စေလွှတ်ခြင်းဆိုင်ရာ သတ်မှတ် စည်းမျဉ်းများ အတိုင်း ဆောင်ရွက်ရန်နှင့် အထူးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း အများစု၏ သဘောထားရယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် မညီလျှင် ရာထူးအဆင့် မရွေး အရေးယူခံကြရမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။

         ဆက်လက်၍ ဝန်ထမ်းများက ဌာနအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ဝန်ထမ်းများကို ပြန်လည် ရှင်းလင်းဖြေကြားပြီး ဝန်ထမ်းများနှင့်ပတ်သက်၍ လက်တွေ့ ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြပါသည်။

         ထို့နောက် ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ အပေါ် တစ်ဦးချင်း၏ ခံယူချက်အား ဖော်ထုတ်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter