ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေဘေးသင့် ဒေသများ အမြန်ပြန်လည် ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် မသန်စွမ်း သူများကို ထောက်ပံ့မှုများ ဆောင်ရွက်

သြဂုတ်၊ ၁၉၊ ရွှေကျင်

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကျောက်ကြီးမြို့များသို့ ရောက်ရှိပြီး မသန်စွမ်းသူများကို အားပေးထောက်ပံ့ခြင်း အခမ်းအနားများသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနသည် နိုင်ငံတော်၏ ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်၍ ပြည်သူများ တိုက်ရိုက် အကျိုးရှိစေမည့် လူမှုကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်း သူများကိုလည်း ၎င်းတို့ရရှိမည့် အခွင့်အရေး အပြည့်အဝရရှိရေး၊ စွမ်းဆောင်ရည် မြင့်မားရေး၊ ပါဝင် ဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင် ရရှိရေးများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မသန်စွမ်းသူများကို မသန်စွမ်းအဆင့် သတ်မှတ်ထားရှိပြီး ပုံမှန်ထောက်ပံ့မှုများ ပြုနိုင်အောင်လည်း ကြိုးပမ်းလျက်ရှိပါကြောင်း၊ မသန်သော်လည်း စွမ်းကြသူများ ဖြစ်စေရန် အစိုးရ၊ ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပြီး၊ အုတ်တွင်းမြို့နယ်ရှိ မသန်စွမ်းသူများ အတွက်      ကျပ်(၂၀၈.၈)သိန်း၊ ကျောက်ကြီးမြို့နယ်ရှိ မိုင်းဒဏ်ရာကြောင့် မသန်စွမ်း ဖြစ်သူများအတွက် ကျပ်(၅၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မဒေါက်မြို့သို့ ရောက်ရှိကြပြီး စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ပျက်စီးသွားသော တံခွန်တိုင် ဘုန်းတော်ကြီးကျောင်းရှေ့ မီးရထားလမ်းဟောင်းနေရာအား ကြည့်ရှု၍ အရေးပေါ် လိုအပ်လျက်ရှိသော တံတားပြန်လည် တည်ဆောက် နိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်(၁၅၀)သိန်း ပေးအပ်ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လယ်ယာမြေများ၊ စိုက်ပျိုးသီးနှံများ၊ လမ်းတံတားများနှင့် အခြေခံ အဆောက်အဦများ အမြန်ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် လိုအပ်ချက်များကို ညှိနှိုင်းခဲ့ပါသည်။ ဌာနဆိုင်ရာ အသီးသီးက ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ် ညှိနှိုင်းမှုအဖွဲ့သို့လည်း ဆက်သွယ် ဆောင်ရွက်ကြပါရန် တိုက်တွန်း ခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကျင်မြို့သို့ ရောက်ရှိကြပြီး နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်းပြောကြားပြီး မငြိမ်းချမ်းမှု ဒဏ်ခံစားခဲ့ရသော မိုင်းဒဏ်ရာကြောင့် မသန်စွမ်း ဖြစ်သူများကို တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေ ကျပ်(၇၄)သိန်းနှင့် ရေဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ ကျပ်(၅၄၃၉၀၀)ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေကျင်မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများ၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။

         အခမ်းအနားများသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter