ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လှူဒါန်း

၂၆.၈.၂၀၁၈၊ ရန်ကုန်

         အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သည့် ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

         အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဒေသများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အောက်တွင် ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းထားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူလူထုများ၊ လူမှုအဖွဲ့အစည်းများက ယခုလိုပူးပေါင်းဆောင်ရွက်မှုများ၊ လှူဒါန်းမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ထံမှ ပြည်သူ့ဆီသို့ အလေအလွင့်မရှိစေဘဲ ရေးဘေးသင့်ဒဏ်ခံခဲ့ရသော ဒေသများသို့ ရောက်ရှိစေရန် အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

         ယခုအခမ်းအနားတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ကျပ်သိန်း(၅၀၀)၊ AEON 1% Club Foundation က အမေရိကန် ဒေါ်လာ(၂၀၀၀၀) ၊ AEON Thana Sinsap (Thailand) Public Company Limited က အမေရိကန် ဒေါ်လာ (၁၀၀၀၀)၊ AEON Orange Company Limited က အမေရိကန်ဒေါ်လာ(၂၀၀၀)၊ AEON Microfinance Myanmar Company Limited က အမေရိကန်ဒေါ်လာ (၂၀၀၀)၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးက အမှုဆောင်များ၊ ဘိုးဘွားများ၊ ဝန်ထမ်းများနှင့် အလှူရှင်များကကျပ် သိန်း(၁၅၀)နှင့် ကွယ်လွန်သူဖခင်များ ဖြစ်ကြသော ဦးလှစောနှင့် ဦးစောသောဖိုးအား ရည်စူး၍ ဦးသန်းဌေးမောင်+ဒေါ်အေးသွယ် မိသားစုက ကျပ်သိန်း(၅၀)တို့အား အသီးသီးပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးအတွင်း ဖွင့်လှစ်ထားသော မသန်စွမ်းသူများအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသင်တန်း (ICT Training Center) ကျောင်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းပထမနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ (Public Private Partnership) အသွင်ဖြင့် ဖော်ဆောင်နိုင်ရေးနှင့် ဖောင်ဒေးရှင်းဖွဲ့စည်းရေး ကိစ္စရပ်တို့အား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter