ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား IOM အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံ ခြင်းနှင့်ရေဘေးသင့်ပြည်သူများအတွက် မြင်းခြံဒီဂရီကောလိပ်မှ အလှူငွေများ ပေးအပ်လှူဒါန်း

သြဂုတ် ၃၁၊ နေပြည်တော်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမလာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောကိစ္စရပ်များ၊ IOM မှ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရခိုင် ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အသိုက်အဝန်းနှစ်ခုအကြား လူမှုသဟဇာတ ဖော်ဆောင် ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၊ UEHRD နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီများ၏ နောက်ဆုံး ဆောင်ရွက်ချက်အခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ လူကုန်ကူးမှုကာကွယ်ရေး၊ ကလေး သူငယ်များကာကွယ်စောင့်ရှောက်ရေး၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး IOM မှ တင်ပြလာသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ပြည်သူလူထုအခြေပြု သဘာဝဘေးအန္တရာယ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင် ရေး၊ လူမှုသဟဇာတ မျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်မည့်စီမံချက်  အဆိုပြုလွှာအတွက် ဒေသနေပြည်သူလူထုအသိုက်အဝန်းနှစ်ခုလုံးနှင့် ဆွေးနွေး၍ အမှန်တကယ် လိုအပ်ချက်များကို ရှာဖွေရန်၊ သက်ဆိုင်ရာဒေသန္တရအစိုးရ၊ ပြည်နယ်အစိုးရတို့နှင့် ဆွေးနွေး ညှိနှိုင်းရန်၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

          ဆက်လက်၍ မြင်းခြံဒီဂရီကောလိပ်၊ ပါမောက္ခဌာနမှူး၊ ဒေါက်တာကြည်ကြည်သိန်း ဦးဆောင်သော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများသည်  နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၂၃၀၀,၀၀၀ိ/-) (ကျပ်နှစ်ဆယ့်သုံးသိန်းတိတိ)ကို နံနက်(၁၀း၃၀)နာရီတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter