ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာရှ-ဥရောပသက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ညီလာခံသို့ တက်ရောက်ပြီး သက်ကြီးရွယ်အိုဆိုင်ရာ လူမှုရေးပင်စင် ဆောင်ရွက်မှု ရှင်းလင်း ပြောကြား

စက်တင်ဘာ ၅၊ နေပြည်တော်

         ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် စက်တင်ဘာလ (၅)ရက်နေ့မှ (၇)ရက်နေ့ထိကျင်းပပြုလုပ်သည့် အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အို အခွင့်အရေး ညီလာခံ ပထမနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီနက်ယွန်းနှင့် တက်ရောက်လာသော နိုင်ငံအသီးသီးမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ညစာစားပွဲတွင် အစည်းအဝေး တက်ရောက်လာသည့် နိုင်ငံတကာမှ ကိုယ်စားလှယ် အကြီးအကဲများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်၊၊

         ယင်းသို့ပြောကြားရာတွင် အာရှ-ဥရောပ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအလိုက် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေးစသည့် အခွင့်အရေးများကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် Madrid International Plan of Action မက်ဒရစ် နိုင်ငံတကာ လုပ်ငန်းစဉ်ကို လက်ကိုင်ထား ဆောင်ရွက်ကြလျက်ရှိသလို ယခုပေါ်ပေါက်လာသည့်ASEM Global Ageing Center အာရှ-ဥရောပကမ္ဘာလုံးဆိုင်ရာ သက်ကြီးရွယ်အိုဆိုင်ရာ စင်တာအနေနှင့်လည်း ဦးဆောင်ဦးရွက် အခန်းကဏ္ဍမှ ပါဝင်လာမည်ဟုယုံကြပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့်လည်းမိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူများ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည့်ဝစွာခံစားနိုင်ရေး မူဝါဒချမှတ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ကို၂၀၁၇ခုနှစ်မှ စတင်ပြီးလစဉ် အသက်(၉၀)နှင့်အထက် (တစ်နိုင်ငံလုံးရှိ) သက်ကြီးရွယ်အို ၄၅၀၀၀ ကျော်ကိုထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လာမည့် အောက်တိုဘာမှ စတင်ပြီးအသက် (၈၅)နှစ်သို့ ပြောင်းလဲလျှော့ချ ထောက်ပံ့သွားမည်ဖြစ်ပြီး အထောက်အပံ့ရရှိမည့် သက်ကြီးရွယ်အို အရေအတွက် (၁၅၀,၀၀၀)ကျော် ရှိလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ရေးပန်းတိုင်ပါ အချက်များကို အခြေခံပြီး မြန်မာစဉ်ဆက်မပြတ်ဖွံ့ဖြိုးအစီအစဉ် ၂၀၁၈-၂၀၃၀ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

         အစဉ်းအဝေးသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရသက်ဦးမောင်လည်း ပါဝင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter