ASEM Global Ageing Center နှင့် သက်ကြီးရွယ်အိုဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်

စက်တင်ဘာ ၆၊ နေပြည်တော်

          အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာညီလာခံ ဒုတိယနေ့ အစီအစဉ်များကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် ဆက်လက်ကျင်းပရာ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆက်လက်တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပါသည်။

          အစည်းအဝေးတွင် အာရှ-ဥရောပ အဖွဲ့ဝင်နိုင်ငံများအတွင်း သက်ကြီးရွယ်အိုများအား ရေရှည်စောင့်ရှောက်မှု၊ နိုင်ငံအလိုက်အရည်အသွေး၊ နည်းပညာ၊ နည်းစနစ်များ ပိုမို ကောင်းမွန်စေရေး၊ သက်ကြီးရွယ်အိုများအား လူမှုစီးပွားရေး၊ နိုင်ငံရေး၊ အလုပ်အကိုင် ရရှိရေးတို့တွင် လစ်လျူရှုခြင်းနှင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရေး၊ သက်ကြီး ရွယ်အိုအခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သက်ကြီးရွယ်အိုများကိုယ်တိုင်နှင့် စောင့်ရှောက်ကူညီပေးသူများ သိရှိနားလည်စေရေး၊ ASEM အဖွဲ့ဝင်နိုင်ငံများအချင်းချင်း သက်ကြီးရွယ်အိုအခွင့်အရေး မြှင့်တင်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သတင်းအချက် အလက်များ မျှဝေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာများ သုတေသနပြု အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ အခွင့်အရေးအပြည့်အ၀ ရရှိရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကို ဦးတည်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း  ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်ကာ ညနေပိုင်းတွင် အစည်းအဝေးပိတ်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

          မြန်မာနိုင်ငံအနေဖြင့်လည်း သက်ကြီးရွယ်အိုများ လူ့ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး၊ အခွင့်အရေး အပြည့်အ၀ ရရှိနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  သက်ကြီးရွယ်အိုများအား ပစ်ပယ်ခြင်း၊ အသုံးချစေခိုင်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်းဆိုင်ရာများနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို ASEM  Global  Ageing Center နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                    

FacebookTwitter