ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ (၁၀)

         ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေသော အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ယနေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအသစ်စတင်တာဝန်ယူ ဆောင်ရွက်စဉ် အချိန်ကစပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နေပါကြောင်း၊

             တည်ငြိမ်အေးချမ်းမှုရရှိရန် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ရှိဖို့လိုအပ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးခြင်းဆိုသည်မှာ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ပေးခြင်း ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် လူ့အသိုင်းအဝိုင်းများအကြား လူမှုသဟဇာတဖြစ်ရေး သည် လွန်စွာမှ အရေးကြီးပါကြောင်း၊ အချင်းချင်းယုံကြည်မှု ၊ အပြန်အလှန်နားလည်မှု၊ စိတ်ရှည်သည်းခံမှုများဖြင့် လူမှုသဟဇာတဖြစ်ရေးကို အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အကြပ်အတည်းများ၊ ကန့်သတ်ချုပ်ချယ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊တရားမျှတခြင်းမရှိမှုများသည်  ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊  တည်ငြိမ်အေးချမ်းမှုရရှိစေရန် ရေရှည်ပဋိပက္ခကင်းဝေးရေးသည် အရေးကြီးပါကြောင်း၊ ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် အစိုးရအနေနဲ့ နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေလိုအပ်ပါကြောင်း၊ ပြည်သူများ ပါဝင်နိုင်ရန် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ ပြည်သူ့ ကိုယ်စားလှယ်များသည် ပြည်သူနှင့်အနီးစပ်ဆုံးဖြစ်၍ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူ့နှင့်တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ ကြခြင်းဖြစ်၍ ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေး ရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၊  ရခိုင်ပြည်နယ် အတွင်းမှီတင်းနေထိုင်ကြသော ပြည်သူများအားလုံနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသော  လူမှုအဖွဲ့အစည်းများ၏ ပါဝင်ဆွေးနွေးမှုသည်လည်း အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများအောင်မြင်ရန် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးပွဲများကို (၄) လတစ်ကြိမ်ဆောင်ရွက်လျက်ရှိရာ ယခင်ဆွေးနွေးပွဲ ရလာဒ်များ အကောင်အထည်ဖော်နိုင်မှုအခြေအနေများ ပြန်လည်သုံးသပ်ပြီး ဆက်လက် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပါသည်။

           တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထဲရေ:ဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်လုံခြုံရေးအတွက်ဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနများက ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြရာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်ရှိဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက အကြံပြု ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါသည်။

           ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊  ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter