ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်

စက်တင်ဘာ ၁၅၊ မြစ်ကြီးနား

          ကချင်ပြည်နယ်အတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ပါသည်။

          အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ရမည့်တာဝန် များကို ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖေါ်ဆောင်ရွက်ကြရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားရေးဖွံဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးလုပ်ငန်းများတွင် ပါဝင်သည့် လုပ်ငန်းစဉ်များဖြစ်သော ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများကို ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်း၊ အသစ်ရေးဆွဲထုတ်ပြန်ခြင်းတို့ဖြင့် တရားသော ဥပဒေများ ဖြစ်ပေါ်စိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ထိရောက်စွာ တိုးမြှင့် ဆောင်ရွက်ခြင်း၊ မသန်စွမ်းများနှင့်ပတ်သက်သော အခွင့်အရေးများအပြည့်အဝရရှိရေးအတွက်  ကြိုးပမ်းဆောင်ရွက်ခြင်း စသည့်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုသော လုပ်ငန်းများ ကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအမှန်တကယ် အကျိုးရှိစေမည့် လုပ်ငန်းများကို ပြည်သူနှင့်အစိုးရ ပူးပေါင်းဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးခြင်းသည် အစိုးရ၏တာဝန်ဖြစ်၍  မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပြည်သူထံမှ ပြည်သူထံသို့ ပြန်လည်ပေးအပ်ခြင်း သာဖြစ်ပါကြောင်း၊ ပြည်သူများအားလုံး သာတူညီမျှခံစားရရှိနိုင်မည့်  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးလုပ်ငန်းများကို စုပေါင်းအားဖြင့် ညှိနှိုင်းဆောင်ရွက်ပါရန် တိုက်တွန်းပါကြောင်း၊ ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့၏ဆန္ဒနှင့်အညီ စနစ်တကျပြန်လည်နေရာချထားရေး ကိုလည်း ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၏ လက်ရှိဆောင်ရွက်နေမှုများကို အစိုးရက ပူးပေါင်းပံ့ပိုး လက်တွဲကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများလုံခြုံရေး၊ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စီမံချက် ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကချင်ပြည်နယ်အစိုးရဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ကချင်ပြည်နယ် အစိုးရအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အမျိုးသမီးဦးဆောင်မိသားစု များနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်အလိုက်ပေးအပ်ထောက်ပံ့ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မသန်းစွမ်းသူများကိုယ်စား ဆဒုံးမြို့မှ မဂူမီး က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ထောက်ပံ့ ငွေလက်ခံရရှိမည့် ဒေသခံပြည်သူများတက်ရောက်ခဲ့ပြီး ယနေ့ထောက်ပံ့မှုမှာ မသန်စွမ်းသူ (၃,၉၅၈)ဦးအတွက် ငွေကျပ် ( ၁၃၂,၁၇၀,၀၀၀) ဖြစ်ကြောင်း သိရှိရပါသည်။

          မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ် လူမှုဝန်ထမ်းဦးစီးရုံး၊ အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ဌာနအလိုက် လိုအပ်ချက်များကိုတင်ပြစေခြင်းနှင့်  ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂)နှစ်နှင့် (၆)လတာကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ပြည်သူများအသိအမှတ်ပြုခံရအောင် စွမ်းဆောင်ကြိုးပမ်း ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုခြင်းနှင့် ဆက်လက်၍တာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြစေ လိုကြောင်း မှာကြားခြင်းများပါဝင်သော ဂုဏ်ပြုမှာတမ်းလွှာများကို ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ မြစ်ကြီးနားမြို့ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းက ပြန်လည်တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်နိုင်မည့်အခြေအနေများကို ကြည့်ရှုလေ့လာပြီး ၎င်းမှတဆင့် နန်ကျင်ကျေးရွာရှိ ခရစ်ယာန်လူငယ် ပြုစုပျိုးထောင်ရေးသာသနာစခန်းသို့ ရောက်ရှိကြပြီး မူးယစ်ဆေးဖြတ်ပြီး သူများအား ပြည်သူများနှင့်လူမှုအဖွဲ့အစည်းများက စုပေါင်း၍ ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး အလှူငွေများကို ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

FacebookTwitter