ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများက သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၇.၉.၂၀၁၈

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Community and Family Services International (CFSI) အဖွဲ့၊The Leprosy Mission(Myanmar) အဖွဲ့နှင့် The Sacred Heart Catholic University of Rome မှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့် The World Bank အဖွဲ့တို့မှ နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။

          ရှေးဦးစွာ Community and Family Services International(CFSI)အဖဲ့ွမှ Executive Director ဖြစ်သူ Mr. Steven Muncy နှင့် တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့်CFSI တို့ပူးပေါင်း၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကာလတို၊ ကာလရှည်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆက်လက်၍ လူမှုရေးပညာနှင့်ပတ်သက်ပြီး မဟာဘွဲ့နှင့် ပါရဂူများကို အွန်လိုင်းစနစ်ဖြင့် သင်ကြားပို့ချနိုင်ရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင်တည်ထောင်မည့် Social Work Institute အတွက် သင်တန်း ဆရာ/ဆရာမများရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ အဆင့်မီသော ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအနက်မှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဆောင်ရွက်နေသော ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းမှ မွေးဖွားသော ကလေးအသက်(၂)နှစ်အထိငွေကြေးထောက်ပံ့မှု (MCCT) အစီအစဉ်များ၊ လူမှုရေး ပင်စင်ထောက်ပံ့ဆောင်ရွက်နေမှုများ၊ CFSI နှင့် MoU နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက် ရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် The Leprosy Mission(Myanmar) အဖွဲ့နှင့်The Sacred Heart Catholic University of Rome မှ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မှ ပါမောက္ခ Robertu Bernabei ဦးဆောင် သောအဖွဲ့နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် မသန်စွမ်းမှုများလျှော့ချနိုင်ရေးအတွက် ငယ်စဉ်ကလေး ဘဝမှစ၍ စောင့်ရှောက်ပေးခြင်း (Early Childhood Intervention) ကိစ္စရပ်များ၊ ထိုသို့ဆောင်ရွက်ရာ တွင် လိုအပ်သည့်ကျွမ်းကျင်ပညာရှင်များဖြစ်ကြသော Speech therapistများ၊ Clinical Psychologist များ မွေးထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မသန်စွမ်းသက်ကြီးရွယ်အို များအတွက် ဆောင်ရွက်ပေးနိုင်မည့် ဝန်ဆောင်မှုများ၊ ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ မသန်စွမ်းသူများ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော သူများအတွက် စိတ်လူမှုဆိုင်ရာ ထောက်ပံ့မှုများပေးနိုင်ရေး ဆောင်ရွက်နေမှုများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် တွေ့ဆုံရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ ပြန်လည်ထူထောင် ရေးစခန်းများအား ပြုပြင်မွမ်းမံနေမှုအခြေအနေများနှင့် လိုအပ်ချက်များ၊ ကချင်ပြည်နယ်ရှိဒေသ များတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေး၊ သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ HIV(AIDS) ကဲ့သို့သော ကူးစက်ရောဂါများ လျော့နည်းပပျောက်စေရေးတို့တွင် USAID မှဆောင်ရွက်နေမှုများ၊ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စခန်းအခြေပြုသာမက လူထုအခြေပြုပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်အတွက် လိုအပ်သော အထောက်အပံ့များ၊ ကျွမ်းကျင်သူများမွေးထုတ်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် The World Bank မှ Country Director ဖြစ်သူ Ms. Ellen Goldstein ဖြစ်သူနှင့် တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ်အဖွဲ့မှ အဆိုပြုတင်ပြလာသည့် Peaceful and prosperous community Project နှင့် Rakhine Recovery and Development Project တို့နှင့်သက်ဆိုင်သည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရခိုင်ဒေသအပါအဝင် ပြည်နယ်/တိုင်းဒေသကြီး များတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးနိုင်ရေးတို့အတွက် ပုဂ္ဂလိက ကဏ္ဍနှင့်ပူးပေါင်း၍ အဆိုပါ စီမံကိန်းများမှတဆင့် ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ကြဉ်း ပေးနိုင်ရန် Rakhine Recovery and Development Projectမှ ဆောင်ရွက်ရာတွင် လက်ရှိဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

 

 

FacebookTwitter