ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၄.၁၀.၂၀၁၈
        (၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယ ဥက္ကဌ ဒေါက်တာ ဝင်းမြတ်အေးသည် ယမန်နေ့ ဒေသစံတော်ချိန် (၁၈း၃၀) အချိန် တွင် ကုလသမဂ္ဂရုံး၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် UNHCR မှဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ တိုက်ပွဲရှောင်စခန်းများရှိ ပြည်တွင်းရွေ့ပြောင်းနေထိုင်သူများအတွက် ပံ့ပိုးကူညီမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ IDPစခန်းများ အတွက် ဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံပြည်နယ်အသီးသီးတွင် လက်နက်ကိုင်ပဋိပက္ခ ကြောင့် ဖြစ်စေ၊ တိုက်ပွဲရှောင်လို၍ဖြစ်စေ၊ ရွေ့ပြောင်းနေထိုင်ရသည့်စခန်းများ ပိတ်သိမ်းရန်လိုအပ်သော အချိန်တွင် ပိတ်သိမ်းနိုင်ရေးအတွက် မဟာဗျူဟာရေးဆွဲနိုင်ရေးဆောင်ရွက်နေမှုတို့အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်ပေါင်းစည်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာလရှည်ကြာခဲ့သည့် ပဋိပက္ခများ၏ ဆိုးကျိုးကို မိမိတို့ရင်ဆိုင်နေရသော်လည်း စစ်မှန်သည့် စိတ်ထားဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ရွေ့ပြောင်းထွက်ခွာသူများ ပြန်လည်လက်ခံနိုင်ရေး အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီ၏ အကြံပြုချက်များ အကောင်အထည်ဖေါ်နေမှုအခြေအနေ၊ အိမ်နီးချင်းနိုင်ငံနှင့် ရေးထိုးထားသော သဘောတူညီချက်များအတိုင်း မြန်မာနိုင်ငံက အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေရှည်ပြန်လည်ထူထောင်ရေးအတွက် မိတ်ဖက်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီလိုအပ်နိုင်မှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် များအရ ရွေ့ပြောင်းဒုက္ခသည်များလက်ခံထားသည့်နိုင်ငံနှင့် မူရင်းနိုင်ငံ၊ ထို(၂) နိုင်ငံလုံးအား ကူညီရန်ဖြစ်သဖြင့် ပံ့ပိုးကူညီမှုများသည် မျှတသင့်လျှော်မှုရှိစေရန် အရေးကြီးမှုအခြေအနေ၊ ပြန်လည်လက်ခံရေး လုပ်ငန်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ ညှိနှိုင်းဆွေးနွေးမှုသည် အရေးပါသကဲ့သို့ ပတ်သက်ဆက်နွယ်မှု အားလုံးသည်လည်း ရိုးဖြောင့်မှု၊ ပွင့်လင်းမြင်သာမှုများ ရှိရန်လိုအပ်သည့် အခြေအနေများအား ဆက်လက်ဆွေးနွေးခဲ့ပါသည်။

          ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း ပြန်လည်ပေါင်းစည်းရေးလုပ်ငန်း ဆောင်ရွက်မှုသည် ရှုပ်ထွေးကျယ်ပြန့်ပြီး စိန်ခေါ်မှုများစွာရှိသည်ကို နားလည်သဘောပေါက်ပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ပူးပေါင်းကူညီမှုများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံရေး လုပ်ငန်းများအတွက် ဆန်းစစ်မှုလုပ်ငန်း အဆင့်လိုက် ဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံ၏  ပံ့ပိုးပူးပေါင်းမှုများအား အသိအမှတ်ပြုပါကြောင်း၊ UNHCR အနေဖြင့် အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါခြင်းကို သိရှိနားလည်ပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရွေ့ပြောင်းနေထိုင်သူများအတွက် အလှူရှင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှုများ ပိုမိုကောင်းမွန်စေရေး အတွက် Solidarity Approch for the people of Rakhine State အား ပြုစုထားပြီး မြန်မာ နိုင်ငံအပါအဝင် ပတ်သက်ဆက်နွယ်သူများနှင့် ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖေါ်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ လာမည့်အောက်တိုဘာ (၁၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ကျင်းပမည့်အစည်းအဝေးသို့ Solidarity Approch for the people of Rakhine State သို့ မြန်မာနိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်ရန် တိုက်တွန်းကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါ သည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter