ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်မြိုင်ကျေးရွာ၌ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ်လှူဒါန်း

ကော့ကရိတ်၊ ၉.၁၀.၂၀၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ၌ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညိုနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  

  အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလျက်ရှိပြီး တိုင်းရင်းသားအရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ကြောင့် တည်ငြိမ်းအေးချမ်းမှု မရှိသေးသော ဒေသများကျန်ရှိနေသေးကြောင်း၊ တည်ငြိမ် အေးချမ်းမှု ရရှိပြီးဖြစ်သော ဒေသတွင် တည်ငြိမ်းအေးချမ်းမှုကို တည်တံ့အောင် ဆက်လက် ထိန်းသိမ်းရာတွင် ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ် သည်ဟုယူဆကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ် ဆုံဆည်းမြိုင်ဒေသရှိ ပြည်သူများ ဖွံ့ဖြိုး တိုးတက်မှုရှိစေရန် ပံပိုးကူညီလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင် ဤဒေသရှိလူငယ်များ အလုပ်အကိုင်များ လွယ်ကူစွာ ရရှိရေးအတွက် ကွန်ပျူတာ အခြေခံမှစပြီး အဆင့်မြင့်အထိ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်နိုင်ရန် ကွန်ပျူတာ အစုံ (၂၀) ကို လာရောက်လှူဒါန်းခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ကွန်ပျူတာ အစုံ (၂၀) ကို ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံခဲ့ပါသည်။ ထို့နောက် ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်အဖွဲ့ အစည်း မှ တာဝန်ရှိသူတစ်ဦး နှင့် ကျေးရွာပြည်သူလူထုကိုယ်စား မဲကုလား ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပါ သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး ကလေးငယ်များအား တွေ့ဆုံနှုတ်ဆက်၍ အာဟာရမုန့်များ ပေးဝေခြင်း၊ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာမများကို ဂုဏ်ပြုမှာတမ်းလွှာများ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများက လိုအပ်သည်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။ ထို့နောက် ရှမ်းစုကျေးရွာအုပ်စု၊ မဲ့ထော်သလေးကျေးရွာနှင့် အမှတ်(၃)ရပ်ကွက်၊ မာမီဂိတ်အနီး သောင်းရင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့် အခြေအနေများကို ကြည့်ရှု၍ ပြုပြင်ထိန်းသိမ်းမည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုမှတဆင့် မြဝတီမြို့ရှိပြန်လည်ထူထောင်ရေးစခန်း ပြန်လည်ဖွင့်မည့် အဆောက်အဦသို့ သွားရောက်ပြီး ပြန်လည်ပြုပြင်ခြင်းနှင့် တိုးချဲ့ဆောက်လုပ်ရန် လိုအပ်မှုများကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့ကရိတ်မြို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး ကလေးငယ်များအား အာဟာရမုန့်နှင့် ကစားစရာ များပေးဝေခြင်း၊ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ဂုဏ်ပြုမှာတမ်းလွှာများ ပေးအပ်ခြင်းများနှင့် ထိုမှတစ်ဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ရုံးနှင့် ဝန်ထမ်း အိမ်ယာများ ဆောက်လုပ်ပြီးစီးမှုကိုကြည့်ရှုခြင်း၊  လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ရုံး ဖွင့်လှစ်မည့် မြေနေရာအားကြည့်ရှုပြီး တာဝန်ရှိသူများအားတွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။    

ပြည်ထောင်စုဝန်ကြီး၏ ကရင်ပြည်နယ်ခရီးစဉ်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter