ကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ (၇) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက်

ကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ (၇) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က အဖွင့်အမှာစကား ‌ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ကျား၊ မ ရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကား မြင့်မား ရေးနှင့် ပတ်သက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) (NSPAW) တွင် ကျန်ရှိသော (၅)နှစ်တာကာလအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နေပြည်တော်ဖိုရမ် တစ်ခုကိုကျင်းပခဲ့ပါကြောင်း၊ ဖိုရမ်မှ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့(၁၅)ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လူမှုအကာအကွယ်ပေးရေးနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် အမျိုးသမီးများစွမ်းပကား မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (၂) ဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကိုလည်း အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီး ကော်မတီမှာ ဌာနဆိုင်ရာများနှင့် အမျိုးသမီးများအရေးကို တက်ကြွစွာ ဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့ (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊  NSPAW ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဖွဲ့များအားလုံးစုပေါင်း၍ ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်-၅ နှင့် သက်ဆိုင်သည့် အဆင့်မြင့်အရာရှိကြီးများ ညီလာခံ High  Level    Conference  on  Gender   Equality (SDG  5) ကို ကျင်းပပြုလုပ် ခဲ့ပါကြောင်း၊ ညီလာခံမှ NSPAW ၏ နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့(၄)ဖွဲ့ဖြစ်တဲ့ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အမျိုးသမီးများ ပူးပေါင်း ပါဝင်ဆောင်ရွက် ရေးနှင့်ကဏ္ဍစုံတွင် ကျား၊ မ ရေးရာအား ထည့်သွင်းဆောင်ရွက်ရေး စသည့် နည်းပညာလုပ်ငန်းအဖွဲ့များ၏ Panel Discussion များမှ မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များရရှိခဲ့ပါကြောင်း၊ အကြံပြုချက်များအနက် ကဏ္ဍအလိုက် စီမံကိန်းများ၌ NSPAW ပါလုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ NSPAW လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်ထည့်သွင်းထားသည့်စီမံချက်များ၊ ဦးစားပေးမူဝါဒများနှင့် အညွှန်းကိန်းများအပြင် CEDAW အကြံပြုချက်များ၊ အာဆီယံ ကတိကဝတ်များ၊ UNSCR 1325 တို့နှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒအရ ပြည်သူကိုတိုက်ရိုက်အကျိုးပြု ဆောင်ရွက်နေရာတွင် အချက် (၃) ချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး တို့ဖြစ်ပါကြောင်း၊ အမျိုးသမီးများအတွက် ဥပဒေတစ်ရပ်ထားရှိပြီး ဥပဒေနှင့်အညီ အကာအကွယ်ရရှိရန် ဆောင်ရွက် ပေးရမှာ ဖြစ်ပါကြောင်း၊  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ ပြည်ထောင်စု၏ သဘောတူညီချက် အစိတ်အပိုင်း (၂)တွင် ဆုံးဖြတ်ချက် (၁၄)ချက်ပါရှိခဲ့ပြီး ယင်းအချက်များတွင် ကျား၊ မ ရေးရာ တန်းတူ ညီမျှရေး၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များလည်း ပါဝင်ခဲ့ပါကြောင်းနှင့် ယနေ့တက်ရောက် လာကြသော ဧည့်သည်တော်များကို ကျေးဇူးအထူးတင်ရှိပါ ကြောင်း၊ အမျိုးသမီးများ၏ အကျိုးကို ရှေးရှုပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)  အကောင်အထည်ဖော်ဆောင်ရွက်ရေးကို အလေးထား ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

          အစည်းအဝေးကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်း/ပြည်ပမှ အသိပညာရှင် အတတ်ပညာရှင် အမျိုးသမီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter