ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဒိန်းမတ်သံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ(၁၂)

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgenerနှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။         

          တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့တစ်ရပ်လုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ လူမှုစီပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစသည့် ရည်မှန်းချက်ပန်းတိုင်(၃)ရပ်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏ ဆောင်ရွက်နေမှုများ၊ IDP စခန်းများပိတ်သိမ်းမှုများနှင့် ဆက်လက်ပိတ်သိမ်းရန် ဆောင်ရွက်နေမှု အခြေအနေများ၊ စခန်းပိတ်သိမ်း ရေးနှင့် ပြန်လည်နေရာချထားရေး မဟာဗျူဟာရေးဆွဲနေမှု အခြေအနေ၊ ကုလသမဂ္ဂအဖွဲ့အစည်း အပါအဝင်သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးနေသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စာချုပ်ချုပ်ဆို၍ ဆောင်ရွက်နေမှုများနှင့်မြန်မာဘက်မှ ပြန်လည်လက်ခံရန် အဆောက်အဦ၊ အစီအမံများ အသင့်ဖြစ်နေမှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာဘက်ခြမ်းသို့လည်း နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ UNDP-UNHCR တို့နှင့် မြန်မာနိုင်ငံ အစိုးရတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ဆောင်ရွက်နေမှု အခြေအနေများ၊ UNDP နှင့် UNHCR တို့က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကနဦး လေ့လာဆန်းစစ်မှု (Phase 1) ဆောင်ရွက်ခဲ့ပြီးနောက် တွေ့ရှိချက်များ၊ လူ့အသိုင်းအဝိုင်းနှစ်ခုကြား လူမှုသဟာဇာတ မျှတရေး၊ ခွဲခြားဆက်ဆံမှုများ၊ လူမှုရေးတားမြစ်ချက်များ ပပျောက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ ပြန်လည်ဝင်ရောက် လာသူများအား နေရာချထားပေးရာတွင် ၎င်းတို့၏ မူလနေရာ (သို့မဟုတ်) အနီးစပ်ဆုံး နေရာတွင် ပြန်လည်နေရာချထား သတ်မှတ်ပေးနိုင်ရေး၊ လုံခြုံစိတ်ချစွာ ၎င်းတို့ ဆန္ဒအလျောက် လူသားဂုဏ်သိက္ခာနှင့်အညီ ပြန်လည်ဝင်ရောက်လာရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာလ၊ ပထမပတ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏(၆၉)ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအေဝးသို့ ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်၍ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံ၏ စိတ်ရင်းစေတနာမှန်ကန်စွာ ကြိုးပမ်း ဆောင်ရွက်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိစေရန်ရှင်းလင်းတင်ပြခဲ့မှု အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးတင်ပြခဲ့ပါသည်။

        ယမန်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H. E Mr. John Nielsen  နှင့် တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘဝတိုးတက်ရေး၊ လူမှု သဟဇာတမျှတ ဖြစ်ထွန်းရေး၊ လူ့အသိုင်းအဝန်း(၂)ခုအကြား သင့်မြတ်မှုရရှိရေး ဆောင်ရွက်နေမှုအခြေအနေ များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ နောက်ဆုံးတိုးတက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)မှ ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ နေရပ်စွန့်ခွာထွက်ပြေးသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စာချုပ်ချုပ်ဆို၍ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေးစခန်းများ တည်ဆောက်ပြီးစီး နေပြီး ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလပိုင်းမှစ၍ ပြန်လည်လက်ခံရေးအသင့်ဖြစ်နေမှုများ၊ UNDP-UNHCR တို့နှင့် MoU ရေးထိုး၍ ဆောင်ရွက်ရန်စီစဉ်နေမှုများ၊ Joint Working Group အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာမြို့တွင်ကျင်းပမည့် တတိယအကြိမ်ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် စီစဉ်ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter