ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ခြင်း

နေပြည်တော်၊ အောက်တိုဘာ(၁၄)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များအလိုက် မူဝါဒများအသီးသီးချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ ကိစ္စများကို စီမံခန့်ခွဲရာတွင် ဘေးဒဏ်များကိုကြံ့ကြံ့ခံနိုင်သော လူ့အသိုင်းအဝိုင်း ဖြစ်ပေါ် နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း လူ့ဂုဏ်သိက္ခာနှင့်ပြည်စုံသည့် လူ့အသိုင်းအဝိုင်းဖေါ်ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ထိထိရောက်ရောက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ စေတနာ့ဝန်ထမ်း လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရပါကြောင်း၊ ယင်းအဖွဲ့အစည်းများသည် မိမိတို့ဝန်ကြီးဌာန၏ အရေးကြီးသောမိတ်ဘက် အဖွဲ့အစည်းများဖြစ်သောကြောင့် ယခုလို ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း သဘာဝဘေးဒဏ်ခံစားခဲ့ရသောဒေသများတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများအတွက်လည်း မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတစ်ခုအဖြစ် အလုပ်အကိုင် ဖေါ်ဆောင်ရေးအတွက် သက်မွေးဝမ်းကျောင်း ပညာများ သင်ကြားခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာ ကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (၁၄)ခု အတွက် ပံ့ပိုးထောက်ပံ့ငွေကျပ် (၂၀၉၉.၄၆)သိန်း၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကမ်းပြိုခြင်းမှ ကြိုတင်ကာာကွယ်နိုင်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၁၈၅)သိန်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၅၂)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၃၆၄)သိန်း နှင့် မသန်စွမ်းသူ (၁၈၅၃)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၅၅.၉)သိန်း အားထောက်ပံ့ပေအပ်ရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ နေပြည်တော်ကောင်စီဥက္ကဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် ထောက်ပံ့ငွေစုစုပေါင်းမှာ ငွေကျပ်( ၄၂၀၄.၃၆) ဖြစ်ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ Ocean Super Center တွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် ပြည်သူလူထု အသိပညာပေးလှုပ်ရှားမှုတွင် ပြည်သူလူထုနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter