မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေး အိမ်အခြေပြု မှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေး ကြိုးပမ်းလျက်ရှိရာ ပြည်သူပြည်သားအားလုံး တန်းတူ ညီမျှ အခွင့်အရေးရရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်မည့် ဥပဒေများပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဖော်ဆောင်ရေးနှင့် ကာကွယ်ပေးနိုင်သော ဥပဒေများလည်း ပေါ်ပေါက်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးမှုသည် ပိုမို ပီပြင်လာပြီ ဖြစ်ပါကြောင်း၊ မျှော်မှန်းထားသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် လူမှုသဟဇာတဖြစ်ရေး၊ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့နှင့်ဆက်စပ်နေပါကြောင်း၊  မသန်စွမ်းသူများနှင့်ပတ်သက်လျှင် စွမ်းနိုင်သမျှ စွမ်းအောင် ကြိုးစားဆောင်ရွက်ရန်နှင့် ထောက်ပံ့ရန်လိုအပ်ပါကြောင်း၊ ငွေကြေးပုံမှန် ထောက်ပံ့ပေးရုံမျှသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်ပြီး စွမ်းဆောင်ရည် မြင့်မားနိုင်စေရန်အတွက်ပါ စီစဉ်ဆောင်ရွက်ရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်ပေးနိုင်ခြင်းသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန က မသန်စွမ်းသူများ နှင့်ပတ်သက်၍ ကူညီပံ့ပိုးပေးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့ မှုဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် မသန်စွမ်းသူများ၏ အမည်စာရင်း ကောက်ယူပြီး ကနဦး ပံ့ပိုးမှုလုပ်ငန်း စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အစိုးရ၏ ဆောင်ရွက်မှုများအပြင် ပြင်ပအဖွဲ့အစည်းများ၏ ပါဝင်မှု အရေးကြီး ကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်းအနေဖြင့် မသန်စွမ်းသူများအတွက် အဖက်ဖက်မှ နည်းလမ်း ပေါင်းစုံဖြင့် ပိုမိုဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသည့်အတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၏ မှိုလုပ်ငန်းစီမံချက် ဆောင်ရွက်ခြင်းသည် နည်းပညာဖြင့် ဆောင်ရွက်မှုဖြစ်ပြီး မသန်စွမ်းသူများအတွက် ထိရောက်သောအလုပ်အကိုင် ဖန်တီးပေးမှုဖြစ် သည်ဟု ယုံကြည်ပါကြောင်း၊ မသန်စွမ်းသူများအတွက် မှိုစိုက်ပျိုးရေးသင်တန်းကို နိုင်ငံတော် အစိုးရ၊ APCD ဖောင်ဒေးရှင်းနှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဧရာဝတီတိုင်း ဒေသကြီးတွင် (၂၉.၅.၂၀၁၈)မှ စတင်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်ထိ ဆက်လက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခမ်းအနားသည် မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် စံနမူနာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ခြင်းဖြစ်သလို အစိုးရ၏ဆောင်ရွက်မှုများအတွက်လည်း အင်အားတစ်ရပ်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။
    ယခုစီမံချက်သည် မသန်စွမ်းသူများအနေဖြင့်ဝင်ငွေတိုးစေမည့် အသက်မွေးဝမ်းကျောင်း သင်တန်းဖြစ်ပြီး  ၎င်းသင်တန်းမှတစ်ဆင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်အိမ်တွင်း မှိုစိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်၊ ရေကြည်၊ ဓနုဖြူ၊ ဟင်္သာတမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
    အဆိုပါ(၁)နှစ်စီမံချက်သည် မသန်စွမ်းသူများနှင့် မသန်စွမ်းမိသားစုဝင်(၁၃၂)ဦးခန့်နှင့် စီမံကိန်းနယ်မြေအတွင်းရှိ မှိုစိုက်ပျိုးသူ (၈)ဦးခန့်တို့ကို တိုက်ရိုက် အကျိုးခံစားခွင့် ရရှိစေမည် ဖြစ်ပြီး မသန်စွမ်းမိသားစုဝင် (၇၀၀) ဦးခန့်ကိုလည်း သွယ်ဝိုက်၍ အကျိုးခံစားခွင့် ရရှိမည် ဖြစ်ပါသည်။
    စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် စီမံကိန်း၏ မျှော်မှန်းရလာဒ်များဖြစ်သည့် မသန်စွမ်းသူများ၏ အသက်မွေးဝမ်းကြောင်းပညာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ၊ ငွေကြေးစီမံခန့်ခွဲ့မှုဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ၏ ပါဝင်မှုကို မြှင့်တင်ခြင်း အားဖြင့် စီးပွားရေးဆိုင်ရာလုပ်ဆောင်မှုများတွင် မသန်စွမ်းသူများအား ထုတ်လုပ် စွမ်းအားရှိသော လူသားအရင်းအမြစ်များအဖြစ် အသိအမှတ်ပြုလာစေခြင်း၊ မသန်စွမ်းသူများ၏ ကိုယ်ပိုင် ယုံကြည်မှု၊ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကိုလေးစားမှုတိုးမြှင့်လာစေခြင်း၊ အစိုးရ ဝန်ကြီးဌာန များနှင့် မသန်စွမ်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် လာစေခြင်းတို့ကို ပြည့်မီစေမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

FacebookTwitter