မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧပြီ ၂၊ နေပြည်တော်
    မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် M Gallery Hotel ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားပါသည်။
    ဒုတိယဝန်ကြီးက လူသားအားလုံး သာတူညီမျှ ရရှိခံစားနိုင်စေရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ/နည်းဥပဒေနှင့် ဒုတိယသမ္မတ(၂)ဦးစီးသော အမျိုးသား အဆင့်ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ဆောင်ရွက်ထားပါကြောင်း၊ ၂၀၁၈ ခုနှစ် အာဆီယံနိုင်ငံများမှ သဘောတူညီခဲ့သည့် ASEAN Enabling Masterplan ကို အခြေခံ၍ မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် ချိတ်ဆက်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း၏ ကဏ္ဍအလိုက် ထားရှိရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ ရေးဆွဲနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ (၂၀၃၀)၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဥပဒေ/နည်းဥပဒေများ လုပ်ငန်းအစီအစဉ်များနှင့်ချိတ်ဆက် ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် နယ်ပယ်(၆)ရပ်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် ရရှိရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်အခြား အရေးပေါ်အခြေအနေများ၊ အလွယ်တကူ လက်လှမ်းမီ ရရှိနိုင်ရေးတို့ကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲနှင့် သုတေသနလုပ်ငန်းများမှ ရရှိလာမည့် ရလာဒ်များ ကို အခြေခံ၍ စနစ်ကျသော ဦးစားပေးရွေးချယ်မှုများ၊ ဘဏ္ဍာငွေရေးဆွဲထည့်သွင်းခြင်း လုပ်ငန်း စဉ်အဆင့်ဆင့် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလအတွင်း  မဟာဗျူဟာ စီမံကိန်းမူကြမ်းကို တင်ပြသွားရန် လျာထားပါကြောင်း ပြောကြားပါသည်။
    ထို့နောက် UNICEF Myanmarမှ ဌာနေကိုယ်စားလှယ်(ကိုယ်စား) Mr. Samman J.Thapa က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။
    ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ ဦးစားပေး နယ်ပယ်(၆)ခုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် အခြားအကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် မသန်စွမ်း အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများတို့၏ အယူအဆ၊ သဘောထားများအား အကြံပြုတင်ပြဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအရာရှိကြီးများ   ပညာရှင်များ၊ မသန်စွမ်းအရေးကိစ္စ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသော မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်နှင့် လူမှုအဖွဲ့အစည်းများ၊ UNICEF မှ တာဝန်ရှိသူများ တက်ရောက် ကြပြီး  အလုပ်ရုံဆွေးနွေးပွဲကို ဧပြီ(၂)ရက်မှ(၃)ရက်ထိ (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter