ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာ ဥက္ကဌနှင့် ပြင်သစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်ဟောင်းအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၁-၆-၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံစီးပွားရေးလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
    ပြင်သစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာကောင်စီ၏ ဥရောပနှင့် နိုင်ငံတကာ ရေးရာဥက္ကဌနှင့် ပြင်သစ်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ပြည်သူများလူ့အခွင့်အရေး ပြည့်ဝစွာ ရရှိရေး အတွက် သက်ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများဖြစ်သည့် UNCRC၊ UNCEDAW၊ UNCRPD စသည့်တို့ကို လက်မှတ်ရေးထိုး၍ လိုက်နာဆောင်ရွက်နေသည့် အခြေအနေများ၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခု၏ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ လိုအပ်သည့်မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများအား ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းနှင့် သက်ဆိုင်ရာလွှတ်တော်အသီးသီးမှ အတည်ပြုနိုင်ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အဖြစ်မှန်ကို သိရှိနိုင်ရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအဆင့်ဆင့်မှ စဉ်ဆက် မပြတ်ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်သူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ အသံ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အသံကိုနားထောင်၍ ဆောင်ရွက်နေမှုများ၊ ပြင်သစ် နိုင်ငံ၏ လွှတ်တော်သုံးရပ်မှ တစ်ခုဖြစ်သော အတိုင်ပင်ခံလွှတ်တော်၏ အခန်းကဏ္ဍနှင့် အဆိုပါ လွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များ၊ သမ္မတမှ ခန့်အပ်ထားသော ကိုယ်စားလှယ်များမှ ပြည်သူအသံကို နားထောင်၍ အစိုးရဌာနအသီးသီးသို့ ဆွေးနွေးညှိနှိုင်းနေမှုများ၊ အဆိုပါစနစ်နှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံသို့လာရောက် လေ့လာနိုင်မှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter