လူမှုကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ၂၀၁၃ -

      လူမှုဝန်ထမ်း ဦးစီးဌာနမှ ကြီးမှူး၍ လူမှုရေးဆိုင်ရာ သုတေသန လုပ်ဆောင်မှု အဖွဲ့နှင့်ပူးပေါင်းပြီး လူမှုဝန်ထမ်း လုပ်ငန်းများ ဖြစ်သော ကလေးသူငယ် စောင့်ရှောက်ရေး၊ အမျိုးသမီး စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး မသန်စွမ်းသူများ စောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်၏ ပြောင်းလဲလာသော မူဝါဒနှင့်အညီ ပြည်သူလူထုကို အကျိုးရှိစေမည့် ထိရောက်သော စီမံကိန်းများ၊ စီမံချက်များနှင့် လုပ်ငန်းများ ရေးဆွဲချမှတ် အကောင်အထည် ဖော်နိုင်ရန် အတွက် နိုင်ငံတော်အဆင့် ၂၀၁၂ခုနှစ်၊ ဇွန်လတွင် လူမှုကာကွယ် စောင့်ရှောက်မှုဆိုင်ရာ ညီလာခံကို ကျင်းပခဲ့ပြီး ညီလာခံ၏ ရလဒ်တစ်ခုအနေနှင့် လူမှုကာကွယ် စောင့်ရှောက်မှုဆိုင်ရာ စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော် သွားရန် ရှိပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်မှု စီမံကိန်းများမှာ ချန်လှပ်ထားခဲ့၍ မရပါကြောင်း၊ အရေးပါသော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဖြစ်ကြောင်း၊ အိမ်နီးချင်း လုပ်ငန်းများအား လေ့လာကြည့်လျှင် စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ချန်လှပ်ခဲ့ကြသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးစေကြောင်း၊ လူမှုရေးဆိုင်ရာ ပြနာပေါင်းများစွာကို လက်ရှိကြုံတွေ့ခံစားနေကြရတာကို တွေ့မြင်ကြရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုပါကြောင်း၊ စနစ်ကျပြီး ယုံကြည်စိတ်ချရသော သုတေသန အခြေပြု သတင်းအချက်အလက် လူမှုကာကွယ်စောင့်ရှောက်မှု စီမံကိန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို တပြိုင်နက်ထဲ ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တန်းတူညီမျှ လူမှုဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေးကို ရှေးရှုပြီး လူမှုစီးပွားရေး ဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချဖို့ စီစဉ်ရေးဆွဲထားတဲ့ မူဝါဒစီမံကိန်း အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ရေးဆွဲဆောင်ရွက်သွားမည့် ပဉ္စမကာလတို ငါးနှစ်စီမံကိန်း၊ နှစ်(၂၀)နှစ်ရှည် စီမံကိန်းများမှာ တိုင်းဒေသကြီး /ပြည်နယ်များအလိုက် လိုအပ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ တစ်ထပ်တည်း ဖြစ်စေရန် ပိုမိုပြည့်စုံတိကျသော လုပ်ငန်းစီမံကိန်းများကို အမှန်တကယ် ထည့်သွင်းစဉ်းစားပြီး ရေးဆွဲနိုင်ရန် လိုအပ်ပါကြောင်းတို့ကို ယနေ့နံနက်(၉) နာရီ အချိန်တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
    အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဖူလုံရေးဥက္ကဌဦးယုလွင်အောင်၊ လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်ထွန်းခိုင်၊ INGO၊ NGOနှင့်ဖိတ်ကြားထားသောဧည့်သည်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၂၂)ရက်နေ့အထိ (၃)ရက်တိတိပြုလုပ်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

FacebookTwitter