ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၁၀ -

              ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီ(၂/၂၀၁၄)အစည်းအဝေးကို စက်တင်ဘာ ၁၀ရက် နံနက် ၉နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

              အခမ်းအနားတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က နိုင်ငံတစ်ဝန်းလုံးရှိ  ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် ဝန်ကြီးဌာန အနေဖြင့် ဥပဒေ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ်ဖော်ဆောင်လျက်ရှိ ပါကြောင်း၊ ဒီမိုကရေစီစံနှုန်းများနှင့် လိုက်လျောညီထွေရှိအောင် ကလေးသူငယ် ဥပဒေ(၁၉၉၃)ကို ပြန်လည် ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ယခု ဖေဖော်ဝါရီလမှာ အတည်ပြုပြဌာန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ  မူဝါဒကို ယခုနှစ် ဇူလိုင်လမှ အတည်ပြုပြဌာန်းပေးခဲ့ပြီး မူဝါဒအတွက် မဟာဗျုဟာလုပ်ငန်း အစီအစဉ်ကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားလုပ်ငန်းစဉ် (၂၀၀၆-၂၀၁၅)အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၀၀၉)ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန အဆောက်အအုံသစ်ကို ယခုနှစ် ဇွန်လက ရန်ကုန်မြို့တွင် စံနမူနာအဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

               အရွယ်အရောက်သေးသူ ကလေးသူငယ်အား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် အရ ယနေ့အချိန်အထိ ကလေးသူငယ် စုစုပေါင်း ၉၅၃ဦးအား မိဘရပ်ထံပြန်လည်ပေါင်းစည်းပေးခဲ့ပါကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးရေး အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်တစ်ရပ် ပေါ်ပေါက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသည် ကလေးသူငယ်ဥပဒေအရ အစိုးရအဖွဲ့က ပေးအပ်သည့် ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက် ရန်နှင့် ကလေးသူငယ်၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှံခြင်းခံထားရသော အဓိက တာဝန်ရှိသူများ ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်ဖ်တို့ ပူးပေါင်း၍ မြို့နယ် ၂၅မြို့နယ်တွင် ၂၀၀၈-၂၀၀၉ ခုနှစ်မှ စတင်၍ စီမံချက်များချမှတ်ကာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို (၉၅)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကလေးသူငယ် အရေးကိစ္စပေါင်း ၁၂၁၅ခုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ပြောင်းလဲလာသည့်ခေတ်သစ်၊ စနစ်သစ်နှင့် အညီ တတိယအဆင့် အရှိန်အဟုန်မြှင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအတိုင်း မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြ စေလိုပါကြောင်းဖြင့် ပြောကြားသည်။

                ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ရှင်းလင်တင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်လူမှုရေးဝန်ကြီးများက မိမိတို့၏ ဒေသအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

                မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ(၂/၂၀၁၄)အစည်းအဝေးကို မွန်းလွဲ ၁နာရီတွင် အဆိုပါ ဝန်ကြီးရုံးခန်းမ၌ ဆက်လက်ကျင်းပရာ အမျိုးသမီးရေးရာ  ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်း ၂၀၁၃-၂၀၂၂ကို အောင်မြင်စွာ ရေးဆွဲပြီးဖြစ်၍ ၂၀၁၃ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာနှင့် ပတ်သက်ပြီး အစီရင်ခံစာပါ အင်္ဂလိပ်စာ အသုံးအနှုန်းနှင့် အရေးအသားများကို စိစစ်နိုင်ရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ စိစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူပြီး UNCEDAWေ ကာ်မတီသို့ တင်သွင်းမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ယခုနှစ်အကုန်တွင် ပြဌာန်းနိုင်ရေးအတွက် ဦးစီးကော်မတီ၊ အကြံပေးကော်မတီနှင့် လုပ်ငန်းကော်မတီသုံးရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်နှင့် အာဆီယံ အမျိုးသမီးရေးရာ ကော်မတီအစည်းအဝေးကို ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁၃ရက်မှ ၁၇ရက်အထိ အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့၌ ကျင်းပဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများမှ အမျိုးသမီးကိုယ်စားလှယ်များ ၆၀၀ ခန့်တက်ရောက်မည့် အမျိုးသမီးဖိုရမ်(၂၀၁၄)ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၄ရက်မှ ၅ရက် အထိ  နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ကျင်းပဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အမျိုးသမီး ၁၀၀ခန့်ကို Speakerအဖြစ်လည်းကောင်း၊  Participants အဖြစ်လည်းကောင်း ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် စတင်စုဆောင်းနေပြီ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

                  ယနေ့ကျင်းပသော အဆိုပါ အစည်းအဝေးများသို့ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အမျိုးသား လွှတ်တော်ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၊ ဒုတိယဝန်ကြီးများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသမီးဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီး/   ပြည်နယ်များမှ  လူမှုရေး ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

FacebookTwitter