ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၂၇ -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် ယနေ့ နံနက် ၈နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များသို့ သွားရောက်၍ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ၌ ပတ်ဝန်းကျင်သန့်ရှင်း သာယာသပ်ရပ်မှု အခြေအနေ၊ ရာသီ သီးပင်စားပင်၊ ပန်းအလှပင်၊ အရိပ်ရ လေကာပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ နေအိမ်ခန်းများ သန်ရှင်းမှုနှင့် ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ၊ ရေစီးရေလာကောင်မွန်မှု ရှိ/မရှိ အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

       ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၏ ကျန်းမာရေး၊ နေထိုင်ရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများ မေးမြန်း၍ လုံခြုံရေးအသိဖြင့် အိမ်ရာစည်းကမ်းများအတိုင်း စနစ်တကျနေထိုင်ရေး၊ တိုက်ပတ်ဝန်းကျင် စိမ်းလန်း သာယာရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter