အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁ -

                  အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC -2)၌ကျင်းပသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံသည် အခြားသော အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို ဦးရေ လျင်မြန်စွာ တိုးပွားနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ တွက်ချက်မှု ကိန်းဂဏန်းများ အရ မိမိတို့နိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေစုစုပေါင်း၏ (၁၀)ရာခိုင်နှုန်း ခန့်သည် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ လိုအပ်သည့် အခြေအနေတွင် ရှိနေပါကြောင်း၊ ထို့အတွက် သက်ကြီးရွယ်အို ဦးရေတိုးပွားလာမှုသည် ကြိုဆိုရမည့် ကိစ္စရပ် တစ်ခုဖြစ်သကဲ့သို့ စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ကို လည်း အားလုံးသတိ ထားကြရမည် ဖြစ်ပါကြောင်း၊ မြန်နှုန်းမြင့် တိုးပွားနေသည့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရေးအတွက် အောင်မြင်သော အိုမင်းမှုဖြစ်စဉ် နည်းလမ်းများကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အလေးထားဆောင် ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

                   ယင်းနောက် ကုလသမဂ္ဂ အတွင်းရေးမှူးထံမှ ပေးပို့သည့် သဝဏ်လွှာကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က တစ်နိုင်ငံလုံးမှ အသက်ကြီးဆုံး အဘိုး၊ အဘွားတစ်ဦးစီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အထက် ဘိုးဘွားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

                  ထို့နောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့(မြန်မာ)မှ တာဝန်ရှိသူတစ်ဦးက ရပ်ရွာအခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် အဘိုးအဘွားများအား ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ အဘိုးတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

                 ထို့နောက် ၂၀၁၄ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထမ်းအမှတ် ဂုဏ်ပြုအစီအစဉ် ဗွီဒီယိုမှတ်တမ်းကို ပြသပြီး ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြ သူများသည် ခန်းမ အတွင်း ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးကြသည်။

FacebookTwitter