ပင်းတယမြို့ ဓနုမြေဘိုးဘွားရိပ်သာဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ (၂၃) -

         ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ "ဓနုမြေဘိုးဘွားရိပ်သာ" ဖွင့်ပွဲ အခမ်း အနားအား ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးထူးကိုကိုနှင့် ဦးစီးအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ ဓနုတိုင်းရင်းသား/တိုင်းရင်းသူများ စုစုပေါင်းအင်အား (၅၀၀)ဦး တက်ရောက်ကြပါသည်။

         ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ဓနုမြေ ဘိုးဘွားရိပ်သာ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အဘိုးဆောင်၊ အဘွားဆောင်တို့အား လှည့်လည်ကြည့်ရှု၍ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပါသည်။

         အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေ  ဖြင့် ပင်းတယမြို့၊ ဓနုမြေဘိုးဘွားရိပ်သာ တည်ဆောက်ရန် ၂၀၁၃ ခုနှစ် ၊နိုဝင်ဘာလ အတွင်းမှာ သိန်း(၅၀၀) ကျပ်နှင့် သွပ်အချပ်(၅၀)၊ သာမန်အချိန်၌ ဓမ္မာရုံအဖြစ် အသုံးပြုပြီး သဘာဝဘေးအတွင်းမှာသိန်း(၂၀၀) ကျပ်၊ စုစုပေါင်းသိန်း(၇၀၀)ကျပ်ကို ခရီးစဉ်အတွင်းမှာ လှူဒါန်းခဲ့ပါကြောင်း၊ ဒီလိုလှူဒါန်းခဲ့ခြင်းဟာ နိုင်ငံတော် သမ္မတကြီး ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေတဲ့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တတ်အားမျှ ဆောင်ရွက်နေခြင်း ပဲဖြစ်ပါကြောင်း၊ ဆက်လက်ပြီးတော့လည်း ဓနုမြေ ဘိုးဘွား ရိပ်သာ ကိုဝန်ကြီးဌာနမှပထမအဆင့် ဘိုးဘွားရိပ်သာအဖြစ် အသိအမှတ်ပြုပေးပြီး နည်းပညာနှင့် ထောက်ပံ့ငွေ တို့ကို နှစ်စဉ်ထောက်ပံ့ပေးသွားမှာလည်း ဖြစ်ပါ ကြောင်း စသည်ဖြင့် ပြောကြားပါသည်။

          ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဦးစီးဥက္ကဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် ဦးအောင်ဇော်မြင့် + ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီး မိသားစုမှ ရာသက်ပန် ငွေပဒေသာပင် (၁၀)သိန်းကျပ် အပါအဝင် အလှူရှင်များမှ စုစုပေါင်း သိန်း(၄၀၀)ကျပ်ခန့်အား လှူဒါန်းရာ သက်ဆိုင်သူများမှ လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းများအား ပြန်လည်ပေးအပ်ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေချမ်းစင်ကျေးရွာသို့ သွားရောက်၍ အဘွားဒေါ်ပေါ်၊  အသက်(၁၀၃)နှစ်ကို  နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော  ဂုဏ်ပြုလွှာနှင့် ဒုတိယသမ္မတ များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ(၂၅)ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ(၂) သိန်းကျပ်အား နိုင်ငံတော်သမ္မတကိုယ်စား ပေးအပ်ကာ အဘွားနှင့် မိသားစုဝင်များအား  ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။

      ထို့နောက်ရွာငံမြို့သို့ ရောက်ရှိပြီး အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်းပညာသင်ကျောင်း တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုခဲ့ပါကြောင်း သိရှိရပါသည်။

FacebookTwitter