မြန်မာနိုင်ငံ ကျား၊မရေးရာ အခြေအနေ ဆန်းစစ်မှုဆိုင်ရာ လေ့လာမှုစာတမ်း (မူကြမ်း)အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ(၁၆)ရက် -

       မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံ ကျား၊ မရေးရာ အခြေအနေ ဆန်းစစ်မှုဆိုင်ရာ လေ့လာမှုစာတမ်း(မူကြမ်း) အလုပ် ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၆)ရက်နေ့အထိ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဖိုရမ်ကို နေပြည်တော်နှင့် ရန်ကုန်မြို့မှာ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ဲဲပြီး ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများမှ အမျိုးသမီးခေါင်းဆောင်များ အပါအဝင် စုစုပေါင်းအင်အား (၇၀၀)ဦးကျော် တက်ရောက်ဆွေးနွေးခဲ့ပါ ကြောင်း၊ ဖိုရမ်မှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဟာ ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်မှ အထူးအလေးထား ဦးစားပေး ဆောင်ရွက် နေခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ အမျိုး သမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်ရှင်း (UNCEDAW)အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာကိုလည်း အောင်မြင်စွာ ရေးသားခဲ့ပြီးဖြစ်လို့ UN CEDAW ကော်မတီကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ ဒါ့အပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများနဲ့UNCEDAW ပါ စံနှုန်းများနှင့် ကိုက်ညီမှုရှိမယ့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)ကိုလည်း ဝန်ကြီးဌာနက ဦးဆောင်ပြီး ဆက်စပ် လျက်ရှိတဲ့ အဖွဲ့ အစည်းများအားလုံးနဲ့ ပူးပေါင်းရေးဆွဲနေပြီဖြစ်ပါကြောင်း၊ ဒီဥပဒေမူကြမ်းအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့အကြံပြုချက်များကို ရယူပြီး ပြင်ဆင် ဖြည့်စွက်သွားမှာ ဖြစ်ပါကြောင်း၊ ဒီလိုအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာ နိုင်ငံမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ပကတိအခြေအနေကို သိရှိဖို့ လိုအပ်တာကြောင့် ဝန်ကြီးဌာနက ဦးဆောင်ပြီး မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ UN အဖွဲ့အစည်းများရဲ့ကူညီ မှုနဲ့ ကျား-မရေးရာ ဆန်းစစ်လေ့လာမှုှု စာတမ်း(မူကြမ်း)ကို ယခုလို လေ့လာရခြင်း ဘဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီမှ ဦးဆောင်ရေးဆွဲခဲ့တဲ့ အမျိုးသမီးများ ဖွံ့ဖြိုါ်တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းကြီးရဲ့ဦးစားပေးကဏ္ဍ(၁၂)ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည့် ကျား၊ မရေးရာ အခြအနေ ဆန်းစစ်မှုဆိုင်ရာ လေ့လာမှုစာတမ်း(မူကြမ်း)အပေါ် တက်ရောက်လာကြသူများ အနေနဲ့ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အကြံဉာဏ်များ ပေးကြ ပါလို့မှာကြားတိုက်တွန်းလိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားပါသည်။

           ဆက်လက်၍ ကျား/မရေးရာ ဌာနမှ တာဝန်ရှိသူက နှုတ်ခွန်းဆက် စကားပြောကြားပါသည်။  (၂)ရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စား လှယ်(၈၁)ဦး တက်ရောက်ကြပြီး အမျိုးသမီးများ ရဲ့ ဘဝမြှင့်တင်ရေးအတွက် အရေးပါတဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အကြမ်းဖက်မှု၊ အမျိုးသမီးများ၏ ခေါင်းဆောင်မှု ၊ အမျိုး သမီးများ နိုင်ငံရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့တွင် ပါဝင်လုပ်ဆောင်မှုစတဲ့ နယ်ပယ်အသီးသီးမှာ ကျား-မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးများ ဆိုင်ရာ လက်ရှိ အခြေအနေ အချက်အလက်များကို အဓိက ထားပြီး လေ့ လာတွေ့ ရှိချက်များအပေါ် ပြန်လှန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါတယ်၊

FacebookTwitter