သက်ကြီးရွယ်အိုများတွင် ရင်ဆိုင်ကြုံတွေ့ နေရသည့် လူမှုအခွင့်အရေး များကို လူ့အသိုက်အဝန်း တစ်ခုလုံးက သိရှိဖြည့်ဆည်း ပေးရန်လိုအပ်

နေပြည်တော်၊ အောက်တိုဘာ  ၁ -

      ဘိုးဘွားအားလုံး ပါဝင်ဖို့၊ ရေရှည်တည်အောင် ကြိုးပမ်းစို့ ဟူသော ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

      အဆိုပါ အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ သက်ကြီးရွယ်အို များအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းနှင့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေး အဖွဲ့များအား ထောက်ပံ့ပေးခြင်း လုပ်ငန်းများ အပါအဝင် လူမှုရေးအရ ကာကွယ် စောင့်ရှောက်ရန် လိုအပ်သည့် အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် ထောက်ပံ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

      သက်ကြီးရွယ်အို များ၏ လူမှုရေးအရ အထီးကျန်ဆန်ခြင်းနှင့် သက်ကြီး ရွယ်အိုများ၏ အခန်းကဏ္ဍများကို ပိုမိုတိုးမြှင့်နိုင်ဖို့ အတွက် ရန်ကုန်မြို့၊ ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းထောင့် အမှတ်(၆၄)တွင် နိုင်ငံတော် အနေဖြင့် အခမဲ့ ပထမဆုံး သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်မှု ဂေဟာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ဖွင့်လှစ်ခဲ့ပြီး အသက် ၇၀ နှစ်အထက် အဘိုးအဘွား ၁၀၀ ကျော်ကို အစိုးရ ရုံးပိတ်ရက်များ မှအပ နေ့စဉ်ပြုစုစောင့်ရှောက် ပေးလျက်ရှိပါကြောင်း။

       မိမိတို့ ဝန်ကြီးဌာနက ယခုအချိန်အထိ အသိအမှတ်ပြု ထားပြီးသည့် ပထမအဆင့် ဘိုးဘွားရိပ်သာ ၃၃ ခု၊ ဒုတိယအဆင့် ဘိုးဘွားရိပ်သာ ၁၅ ခု၊ တတိယအဆင့် ဘိုးဘွားရိပ်သာ ၂၃ ခု စုစုပေါင်း ဘိုးဘွားရိပ်သာ ၇၁ ခုတို့ကို ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်း ၁၃၈၀ ကျော်ကို ထောက်ပံ့ပေး ခဲ့ပါကြောင်း။

       မြန်မာနိုင်ငံသည်လည်း အခြား အရှေ့တောင်အာရှ နိုင်ငံများကဲ့သို့ သက်ကြီး ရွယ်အိုဦးရေ လျင်မြန်စွာ တိုးပွားနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ မိမိတို့နိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်အနက် ၄ ဒသမ ၅ သန်းသည် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ဖြစ်ပါကြောင်း။

        မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၉ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနား ကို နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ ယခုနှစ်သည် ၁၇ နှစ်မြောက်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများတွင် ရင်ဆိုင်ကြုံတွေ့ နေရသည့် ဆင်းရဲမှု၊ ကျန်းမာရေး မပြည့်စုံမှု၊ လူမှုရေး အထီးကျန်ဆန်မှုနှင့် လူမှုအခွင့်အရေး များကို လူ့အသိုက်အဝန်း တစ်ခုလုံးက သိရှိဖြည့်ဆည်း ပေးနိုင်ရန်နှင့် အနာဂတ်တွင် တိုးပွားများပြားလာမည့် သက်ကြီးရွယ်အို များ၏ အရေးကိစ္စများကို ကြိုတင်တွေးဆ ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

        အခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပေးပို့ခဲ့သော သဝဏ်လွှာကို UN Resident and Humanitarian Coordinator ဖြစ်သူ ဒေါက်တာ ဂျန်ဒီကူနာက ဖတ်ကြားသည်။

        ထို့နောက် တစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးဖြစ်သူ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှ အသက် ၁၁၈ နှစ်အရွယ် အဘိုး ဦးအိုက်ခမ်းနှင့်  တစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘွားဖြစ်သူ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှ အသက် ၁၂၃ နှစ်အရွယ် အဘွားဒေါ်မြကြည်တို့ နှစ်ဦးကိုယ်စား အဘိုးတစ်ဦးအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။

        ရပ်ရွာအခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ရေးပတ်သက်၍ အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ)မှ အဘွားဒေါ်ခင်နန်းကြည်က ရှင်းလင်းတင်ပြသည်။

        ထို့နောက် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် အဘိုး၊ အဘွားများအား ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက  ဆေးဝါးပစ္စည်းနှင့် အလှူငွေများပေးအပ်ခဲ့ပြီး အဘိုးအဘွားများ ကိုယ်စား နေပြည်တော် ကောင်စီနယ်မြေ၊ ဗလသိဒ္ဓိရပ်ကွက်မှ အဘိုးဦးမောင်မောင်ခင် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ 

FacebookTwitter