ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

ဖျာပုံ၊ အောက်တိုဘာလ(၃၁)ရက် -

      ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ ဖျာပုံမြို့၊ (၁၈)ရပ်ကွက်၊ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ‌ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် မှာ သက်ကြီးရွယ်အိုများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းနှင့် သက်ကြီးသူချင်းကူညီ စောင့်ရှောက်ရေး အဖွဲ့များ အား ထောက်ပံ့ပေးခြင်း လုပ်ငန်းများ အပါအဝင် လူမှုရေး အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အလိုက် တဆင့်ပြီးတဆင့် ထောက်ပံ့ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊

      ဝန်ကြီးဌာနက အသိအမှတ်ပြုထားပြီးတဲ့ ပထမအဆင့် ဘိုးဘွားရိပ်သာ(၃၃)ခု၊ ဒုတိယအဆင့် ဘိုးဘွားရိပ်သာ(၁၅)ခု၊ တတိယအဆင့် ဘိုးဘွားရိပ်သာ(၂၃)ခု စုစုပေါင်း ဘိုးဘွားရိပ်သာ(၇၁)ခု တို့ကို ဒီနှစ် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေ စုစုပေါင်း(၁၃၈၀)သိန်းကျော်ကို ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊

       ဥပမာအနေနဲ့ ကန်‌တော်မင်္ဂလာ ဘိုးဘွားရိပ်သာကို ဒုတိယအဆင့် ဘိုးဘွားရိပ်သာအဖြစ် အသိအမှတ်ပြုထားပြီး နှစ်စဉ် (၁၆.၇၉)သိန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊

       ရန်ကုန်မြို့ကမ္ဘာအေးစေတီလမ်းနှင့် ပါရမီလမ်းထောင့်၊ အမှတ်(၆၄)မှာ နိုင်ငံတော်အနေနဲ့ အခမဲ့ ပထမဆုံး သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်မှု ဂေဟာမှာ အသက်(၇၀)နှစ်နှင့် အထက် အဘိုး/အဘွား (၁၀၀)ဦးကျော်ကို အစိုးရရုံးပိတ်ရက်များမှ အပ နေ့စဉ်ပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊

       “သက်ကြီးရွယ်အိုများ အတွက် ပြုစုစောင့်ရှောက် သူ” (Care Giver)သင်တန်း အမှတ်စဉ်(၁/၂၀၁၅)ကို (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ဖြစ်ပါကြောင်း စသည်ဖြင့် ‌ပြောကြားပါသည်။

       ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ ဦးဘဟိန်းတို့က ဂုဏ်ပြုစကား‌ပြောကြားကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပါသည်။

       ဖျာပုံမြို့၊ (၁၈)ရပ်ကွက် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၊ အဘိုးဆောင်(ဗလဆောင်) အဆောက်အဦသစ်ကို စေတနာရှင် အလှူရှင်များမှ စုစုပေါင်း (၅၂၈)သိန်း ကုန်ကျခံ တည်ဆောက်ခဲ့ ကြောင်း သိရှိရပါသည်။

FacebookTwitter