လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ်မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၃ -

      လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ်မိတ်ဆက်ခြင်း အခမ်းအနားအား ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဟိုတယ်ဇုံရှိ အမရာဟိုတယ်၌ ကျင်းပရာ လူကုန်ကူး ခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

      "လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ လူကုန်ကူးခံရသူ ဟုတ်/မဟုတ် စိစစ်ခြင်းမှစပြီး မိသားစုနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်း ပေးသည့်တိုင်အောင် လူကုန်ကူးခံရသူများကို ဆောင်ရွက်ပေးရသည့် ဝန်ဆောင်မှုများစွာရှိပါကြောင်း၊ ထိုဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသူများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့JICA အဖွဲ့တို့နှင့် ပူးပေါင်း၍ နည်းပြသင်တန်း(၂)ကြိမ်၊ ဆင့်ပွားသင်တန်း(၁)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား (၁၄၂)ဦးတို့ကို လေ့ကျင့်ပေးနိုင်ခဲ့ပါကြောင်း၊ နည်းပြနှင့်သင်တန်းသားများသာမကဘဲ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် အထောက်အကူဖြစ်စေရန် လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေခြင်းဖြစ်ကြောင်း၊ ယခုထုတ်ဝေသော လက်စွဲစာအုပ်မှာ လူကုန်ကူးခံရသူများအား ဝန်ဆောင်မှုဆောင်ပေးနေသော သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပြုစုထားပြီး မြန်မာနိုင်ငံ၏လူမှုစီးပွား အေ‌ခြအနေနှင့် ကိုက်ညီသော ဝန်ဆောင်မှုများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် ထားပါကြောင်း" စသည်ဖြင့် ေ‌ပြာကြားခဲ့ပါသည်။

       ဆက်လက်၍ ရဲမှူးကြီးနေမိုးသက် ဒုတပ်ဖွဲ့မှူး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ ဌာနေကိုယ်စားလှယ် Ms. Ami IKEDAက ကျေးဇူးတင်စကား ပြန်လည်ေ‌ပြာကြား ခဲ့ပါသည်။

       ထို့နောက် JICA Project Chief Advisior ဖြစ်သူ Ms, KYOKO KATSUKIက လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးစီမံချက်နှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ်နှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ် များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter