မြန်မာနိုင်ငံ၏ တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီး ဖွင့်ပွဲကျင်းပ

      (၁) သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းမြင့်မားသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန်၊ (၂) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာစေရန်၊ (၃) နိုင်ငံအတွင်း သဘာဝဘေး လျော့ပါးရေးဆိုင်ရာ နိုင်ငံတကာအသိပညာ၊ ဗဟုသုတများကျယ်ပြန့် စွာပို့ချပေးနိုင်ရန်နဲ့ (၄) သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန်စတဲ့ ရည်ရွယ်ချက်များနဲ့ မြန်မာနိုင်ငံ၏ တစ်ခုတည်း သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး (Disaseter Management Training Center) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အ‌ခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်စိုး၊ တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါ်ခင်စောမူ၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့က သင်တန်းကျောင်း အဝင်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သင်တန်းကျောင်း အဝင်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာများ ပက်ဖျန်းပါသည်။

      ထို့နောက် အဝင်မုဒ်ဦးရှေ့တွင် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းကျောင်း အဆောက်အဦးများအတွင်း လှည့်လည်ကြည့်ရှုပါသည်။

      ၎င်းနောက် နှစ်ထပ်သင်တန်းကျောင်းဆောင်ရှိ ကမ္ဗည်းမော်ကွန်းကို ဖဲကြိုးဖြတ်ပြီး စက်ခလုပ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဘွဲ့နှင်းသဘင်ခန်းမကြီး အတွင်း၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်(Myanmar National Strategic Plan on Social Protection)မှာ သဘာဝဘေးသင့်သူ များအား ကူညီထောက်ပံ့ခြင်း အပါအဝင် လူမှုရေးအရ ကာကွယ်ထောက်ပံ့ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် နည်းဥပဒေကိုလည်း ပြဌာန်းထားရှိပြီးဥပဒေ၊ နည်းဥပဒေများနဲ့အညီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်္ဂလာ အပေါင်းနဲ့ ပြည်‌့ဝတဲ့ဒီကနေ့မှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်စီမံခန့်ခွဲမှု တို့ဖြင့် ‌ပြောင်းလဲလာသော ခေတ်သစ်၊ စနစ်သစ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပထမဆုံး တစ်ခုတည်းသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီး (Disaseter Management Training Center)ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကို စိတ်ပါဝင်စားသော ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လူငယ်များစုစုပေါင်း(၆၀)ဦးကို (၁၂)ရက်ကြာ သင်ကြားပေးမှာဖြစ်ပါကြောင်း၊ နောင်အနာဂါတ်မှာ Certificate ပေးအပ်သည့် သင်တန်းများ သာမက (၆)လသင်တန်း၊ (၁)နှစ်သင်တန်းစသည်ဖြင့် Diploma ပေးအပ်နိုင်မည့်သင်တန်းများ၊ ဘွဲ့ကြိုသင်တန်းများ၊ ဘွဲ့လွန်သင်တန်းများ၊ သုတေသနများ စသည်ဖြင့် နိုင်ငံတကာအဆင့်မီ ပညာရပ်များကို ပို့ချသွားရန် ရည်မှန်းထားပါကြောင်း စသည်ဖြင်‌့ ပြောကြားပါသည်။

      ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌက အမှာစကား‌ပြောကြား၍ မြန်မာနိုင်ငံ သဘာဝဘေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းအဖွဲ့ကိုယ်စား UN-Habitat Country မှ Programme Manager ဖြစ်သူ Mr. Bijay Karmacharya က ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း‌ပြောကြားပါသည်။

      ၎င်းနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အ‌ခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၅) ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှု၍ သင်တန်းသား/ သူ လူငယ်များကို အားပေးစကား ပြောကြားပါသည်။

       သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ တည်ဆောက်ခဲ့ပြီး ‌မြေဧက(၂၂)ဧကပေါ်တွင် စာကြည့်တိုက်နှင့် ကွန်ပျူတာဆောင်၊နှစ်ထပ်စာသင်ကျောင်းကြီး၊ ဘွဲ့နှင်းသဘင်ခန်းမ၊ အုပ်ချုပ်မှုဆောင်၊ သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူအိပ်ဆောင်၊ ဧည့်ရိပ်သာ၊ စားရိပ်သာနှင့်စားဖိုဆောင်၊ အရာထမ်းအိမ်ရာ၊ အမှုထမ်းအိမ်ရာတို့ဖြင့် ဖွဲ့စည်း ထားရှိကာ ကြီးကျယ်ခန်းနားစွာ နိုင်ငံတကာအဆင့်မှီ သဘာဝဘေးစီမံခန့်ခွဲမှုပညာရပ်များကို သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်းသိရှိရပါသည်။

FacebookTwitter