သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် ကျောင်းများအား ကြည့်ရှုစစ်ဆေး

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၈း၃၀)တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ မြန်မာနိုင်ငံ၏ပထမဆုံးအခမဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိပြီး အဘိုး/အဘွားများ  စောင့်ရှောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဂေဟာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံကာအဘိုး/အဘွားများအပေါ် စေတနာအပြည့်ဖြင့်ပြုစုစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းရှိ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး အသက်မွေးဝမ်းကျောင်း သင်တန်းဖြစ်သည့် ကြိမ်ထိုး သင်တန်း၊ စာသင်ခန်းများ၊ သင်တန်းသားအိပ်ဆောင်၊ ကွန်ပျူတာသင်တန်းခန်းနှင့် ဆေးပညာရပ်ဆိုင်ရာ အကြောပြင် အနှိပ်ဆရာဖြစ်သင်တန်း အဆောက်အဦအတွင်းရှိ အကြောပြင်သင်တန်း ပို့ချနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

      ဆက်လက်၍ ကမာရွတ်မြို့နယ်၊ သံလွင်လမ်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ရောက်ရှိပြီး ယက္ကန်းအလုပ်ရုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန အရောင်းဆိုင်တွင်း လှည့်လည်ကြည့်ရှုပြီး ကျောင်းအုပ်ကြီးမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစွာဖြင့် တိုးမြှင့်ထုတ်လုပ်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

     နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများ ကျောင်းသို့ရောက်ရှိပြီး သက်မွေးသင်တန်းနှင့် စာသင်ခန်းများတွင် နားမကြားသော ကလေးများအား ပညာ သင်ကြားပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ဆက်လက်၍ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် ကလေးများအား ပြုစုစောင့်ရှောက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter