ပျဉ်းမနားမြို့၊ ဘိုးဘွားရိပ်သာနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ (၁) ရက် -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့ဘိုးဘွားရိပ်သာ၌ အဘိုး၊ အဘွားများကို နှစ်သစ်ဦး မင်္ဂလာအဖြစ် အသုံးအဆောင်ပစ္စည်းများနှင်‌့ ထောက်ပံ့ငွေများ လှူဒါန်းပါသည်။

     ဆက်လက်၍ ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(၂၅) ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲနှင့် ငွေပဒေသာပင် လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်မှု အရ ရန်ကုန်မြို့တွင် နိုင်ငံတော်အနေနဲ့ အခမဲ့ ပထမဆုံး သက်ကြီးရွယ်အိုများနေ့ပိုင်း စောင့်ရှောက်မှုဂေဟာ (Day Care Center For the Aged) ကို (၂၀၁၃) ၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး အသက်(၇၀)နှစ်နှင့်အထက် အဘိုး၊ အဘွား ( ၁၀၀) ဦးကျော်ကို အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်ပြုစု စောင့်ရှောက်ပေးလျက်ရှိပါကြောင်း ၊ ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် အဘိုး ၊ အဘွား၊ စုစုပေါင်း(၁၂၄၇)ဦးတို့ကို နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံ ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာများနှင့် အဘိုး၊ အဘွား(၁)ဦးလျှင် ချီးမြှင့်ငွေ(၂)သိန်းကျပ်စီဖြင့် စုစုပေါင်း(၂၄၉၄)သိန်းကို ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ယနေ့အချိန်အထိ ကောက်ယူရရှိထားတဲ့ အသက်(၉၀)နှစ်နှင့်(၁၀၀) နှစ်ကြား အဘိုး၊ အဘွား၊ စုစုပေါင်း (၂၃၁၈၇)ဦးအတွက် (၁)ဦးလျှင် (၁၈၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၄၁၇၃.၆၆)သိန်း ကို ဝန်ကြီးဌာနဘတ်ဂျက်မှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ “သက်ကြီးရွယ်အိုများအတွက်ပြုစု စောင့်ရှောက်သူ” (Care Giver) သင်တန်း အမှတ်စဉ် (၁/၂၀၁၅)ကို (၈)ပတ်ကြာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဒီလ(၅)ရက်နေ့မှာ သင်တန်းအမှတ်စဉ် (၂)ကို ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ ပျဉ်းမနား ဘိုးဘွားရိပ်သာကြီး ရေရှည်တည်တံ့ပြီး ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်‌ပေးကြပါလို့ တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန (၂၇) ခုမှ ကိုယ်စားလှယ်များမှ ငွေပဒေသာပင် စုစုပေါင်း (၂၅၄.၅၂) သိန်းကျော်အား ငွေပဒေသာပင် စိုက်ထူရန်အတွက် ဘိုးဘွားရိပ်သာ ဥက္ကဌထံ ပေးအပ်ပြီး ဥက္ကဌမှ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားပါသည်။

      အစီအစဉ်အရ သံဃာတော်(၁၀၈)ပါးနဲ့ သီလရှင်(၄၅)ပါးတို့ကို ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter