မြတ်စေတနာ ဘိုးဘွားရိပ်သာ ဖွင့်လှစ်

ဖျာပုံ၊ ဇန်နဝါရီလ (၃၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ ရောက်ရှိပြီး (၇)ရပ်ကွက်၊ အမှတ်(၉) အခြေခံမူလတန်းကျောင်း ပင်မကျောင်းဆောင်သစ်နှင့် မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

     ၎င်းနောက် ဒေးဒရဲမြို့၌ ဦးအောင်ဇော်မြင့်+ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သား၊ သမီးများမှ (၁၁၀၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် မြတ်စေတနာ ဘိုးဘွားရိပ်သာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေး၍ အဘိုး၊ အဘွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်းပါသည်။

      အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး မိသားစုမှ မတည်လှူဒါန်းငွေ(၂၀)သိန်း အပါအဝင် စေတနာအလှူရှင်များမှ စုစုပေါင်း (၁၅၃.၁) သိန်းကျပ်ကို မြတ်စေတနာ ဘိုးဘွားရိပ်သာ ငွေပဒေသာပင် စိုက်ထူရန် လှူဒါန်းကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ ရေစက်ချတရား နာယူပါသည်။

      ထို့နောက် ဝန်ကြီးဌာနမှ (၄၅၀)သိန်းကျပ်ဖြင့် ထောက်ပံ့သော ဒေးဒရဲမြို့၊ မူလတန်းကြိုကျောင်း တည်ဆောက်မည့် မြေနေရာတွင် မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ပါသည်။

      ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် ဟင်္သာတမြို့၊ သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး၌ ကျင်းပသော သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၆ )ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားပါသည်။ 

      ဆက်လက်၍ ကျုံပျော်မြို့နယ်၊ မန်းကြာမြောက်ကျေးရွာသို့ သွားရောက်၍ ဝန်ကြီးဌာနမှ (၅၀၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် မူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေး၍ အမှာစကား ပြောကြားပါသည်။

      ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်စိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

      ဖေဖေါ်ဝါရီလ(၂)ရက်နေ့တွင် ပုသိမ်မြို့၊ ဘန့်ဘွေးကုန်းရပ်၊ တိုင်းဒေသကြီး ကယ်ဆယ်ရေးဂိုဒေါင်သို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။ 

      ထို့နောက် ပုသိမ်မြို့၊ မူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းများသို့ သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုအား စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်ပေးခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter