ပုလောမြို့နယ် ကျောက္ကာကျေးရွာ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့

မြိတ်၊ ဖေဖေါ်ဝါရီလ (၁၅) -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်အတူ ဖေဖေါ်ဝါရီလ(၁၅) ရက်နေ့တွင် မြိတ်မြို့မှ ပုလောမြို့နယ် ကျောက္ကာကျေးရွာသို့ ရေယာဉ်ဖြင့် သွားရောက်ပြီး မီးဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပါသည်။

     အစီအစဉ်အရ မီးဘေးသင့် အိမ်ထောင်စု (၄၅၂) စုအတွက် စားစရိတ် (၁)အိမ်ထောင်စုလျင် (၁)သိန်းကျပ်နှုန်းဖြင့် (၄၅၂)သိန်းကျပ်၊ အိမ်ခြေ (၃၃၁)လုံးအတွက် အိမ်(၁)လုံးလျင် သွပ်(၅၀)ချပ်နှုန်းဖြင့် သွပ်(၁၆၅၅၀)ချပ်တို့ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးပါသည်။ ထို့နောက် မီးလောင်ပြင်ကို ကြည့်ရှု့ စစ်ဆေး၍ မိုးမကျမီ အိမ်များ ပြန်လည် တည်ဆောက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပါသည်။

     ဖေဖေါ်ဝါရီလ(၁၆)ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စု၊ ကပူကျေးရွာသို့ သွားရောက်၍ မီးဘေးသင့်အိမ်ခြေ (၁၃)လုံးအတွက် (၁)အိမ်လျှင် သွပ် (၅၇)ချပ်နှုန်းဖြင့် သွပ်(၇၄၁)ချပ်ကို ထောက်ပံ့ပေးပြီး အိမ်အသစ်များ ပြန်လည်ဆောက်လုပ်နေမှုကို ကြည့်ရှု၍ မီးဘေးသင့် အိမ်ထောင်စုဝင်များကို အားပေးစကား ပြောကြားပါသည်။ 

     ဆက်လက်၍ မောင်းမကန်ကျေးရွာသို့ သွားရောက်ပြီး ဝန်ကြီးဌာနပိုင် မောင်းမကန် စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံသာရည် ပတ်ဖျန်းပေးပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး မူကြိုကလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်၍ ကလေးမိဘများကို ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပါသည်။

     ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် ထားဝယ်မြို့ အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း၊ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး တို့ကိုကြည့်ရှုစစ်ဆေး၍ မူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး ရေးဆိုင်ရာအခြေခံသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပါသည်။

      တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလမှ ယခုအချိန်ထိ မီးဘေး(၆၅)ကြိမ် ဖြစ်ပွားခဲ့ဲပြီး နမ့်ဆန်မြို့နှင့် လပွတ္တာမြို့ မီးဘေးများအပါအဝင် မီးဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် (၁၀၂၂)သိန်းကျပ်နှင့် ဝန်ကြီးဌာနအနေဖြင့် (၂၃၉)သိန်းခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ (၁၀၃၈)သိန်းခန့် တန်ဖိုးရှိသော သွပ် (၁၇၂၉၁)ချပ်၊ ဆန်ရိက္ခာဖိုး (၂၁)သိန်းနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၆)သိန်း ထောက်ပံ့ပေးခဲ့ပြီး ပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိထားဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

FacebookTwitter