စံပြမူလတန်းကြိုကျောင်းများ ဖွင့်လှစ်

မန္တလေး၊ ဖေဖေါ်ဝါရီလ (၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့သို့‌ရောက်ရှိပြီး စံချိန်စံညွှန်းမှီ ‌ဆောက်လုပ်ပြီးစီးသည်‌့ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဝန်ကြီးဌာန ဘတ်ဂျက်မှ (၁၀၉၅.၇၅) သိန်းကျပ်ဖြင့် ဆောက်လုပ်သည်‌့ မြင်းခြံ စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်း၍ မူကြိုကလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။

      အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မူကြိုကလေးများ၏ မိခင်ဖခင်များအတွက် မိသားစုသုံးပစ္စည်းများကို ထောက်ပံ့ပေး၍ ဒေသခံတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားပါသည်။

      ဆက်လက်၍ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာန ဘတ်ဂျက်မှ ( ၁၁၁၆ ) သိန်းကျပ်ဖြင့် စံချိန်စံညွှန်းမှီ ဆောက်လုပ်ပြီးစီးခဲ့သည်‌့ ရုံးစည်ကြီး စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်း၍ မူကြိုကလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအကြောင်း ရှင်းလင်း ပြောကြားပါသည်။

      ၎င်းနောက် မူကြိုကလေးများ၏ မိခင်ဖခင်များအတွက် မိသားစုသုံးပစ္စည်းများကို ထောက်ပံ့ပေး၍ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ နှင့် ရေနံချောင်းမြို့ စံပြမူလတန်းကြိုကျောင်းများကို ကြည်‌့ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။

      ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့တွင် ဝန်ကြီးဌာန၊ ဘတ်ဂျက်မှ ( ၇၀၉.၇ )သိန်းကျပ်ဖြင့် ဆောက်လုပ်ပြီးစီး ခဲ့သည်‌့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ တရုတ်ကောကျေးရွာ စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်း၍ မူကြိုကလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။ 

      အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ(ECCD)အကြောင်း ရှင်းလင်းပြောကြားပြီး မူကြိုကလေးများ၏ မိခင်ဖခင်များအတွက် မိသားစုသုံး ပစ္စည်းများ(Family Kit)ကို ထောက်ပံ့ပေး၍ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter