(၁၅)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၊ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာ အစည်းအ‌ဝေးကျင်းပ

နေပြည်တော်၊ ဖေဖေါ်ဝါရီလ (၂၅) -

    (၁၅)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၏ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာ အစည်းအ‌ဝေးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ ပူးတွဲဥက္ကဌများ ဖြစ်ကြသော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း ဖိုရမ်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြပါသည်။

      အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အာဆီယံဒေသတွင်း ဖိုရမ်၏ အစည်းအ‌ဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်မှု၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ ဦးဆောင်မှုဖြင့် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းကြီး (Disaster Management Training Center) ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့မှာ ထူထောင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းကျေးရွာ (၅၀၀)ကျော်မှ စေတနာ့ဝန်ထမ်း လူငယ်(၉၀၀၀)ဦးကိုလည်း လေ့ကျင့်သင်တန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လူမှုကာကွယ် စောင်‌့ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ( Myanmar National Strategic Plan on Social Protection) မှာ သဘာဝဘေးသင့်သူများအား ကူညီထောက်ပံ့ခြင်းအပါအဝင် လူမှုရေးအရ ကာကွယ်စောင်‌့ရှောက်ရန် လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာ‌ရေးနှစ်အလိုက် တဆင့်ပြီးတဆင်‌့ ထောက်ပံ့ ဆောက်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေ (၂၀၁၅)တို့နှင့်အညီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရချိန်တွင် လျင်မြန်သည့် တုံ့ပြန်ဆောင်ရွက်မှုနှင့် အရေးပေါ်ကာလ ဆက်သွယ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အရပ်ဘက်နှင့် တပ်မတော် ပူးပေါင်း ဆောင်ရွက်မှုဖြင့် အဖွဲ့အစည်း အားလုံးပါဝင်လျက် အရေးပေါ်အခြေအနေ ကွပ်ကဲမှုဗဟိုဌာန (Emergency Operation Center-EOC)၏ ကွပ်ကဲမှုဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၂၀၃၀ ဆန်ဒိုင်းမူဘောင် ဦးစားပေး လုပ်ငန်းစဉ်များကို အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားပြင်းတဲ့ အယ်နီညိုရဲ့ နောက်ဆက်တွဲ အန္တရာယ်များဖြစ်တဲ့ မီးဘေး၊ မိုးခေါင်ရေရှားဘေးနဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် အာဆီယံဒေသအတွင်း ကြိုတင်ပြင်ဆင် ကာကွယ်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြဖို့ အထူးတိုက်တွန်း မှာကြားလိုပါကြောင်း စသည်ဖြင်‌့ အကျယ်တဝင့် ပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပါသည်။

      (၂)ရက်ကြာကျင်းပမည့် အစည်းအဝေးတွင် အာဆီယံဒေသတွင်းဖိုရမ် အဖွဲ့ဝင်(၂၆)နိုင်ငံများမှ ကိုယ်စားလှယ်များသည် ပိုမိုကောင်းမွန်တဲ့ တုန့်ပြန်ဆောင်ရွက်ရေး (Building a better Response) အတိုင်း အာဆီယံဒေသအတွင်း အရပ်ဘက်နှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ရေးစနစ်များ အပါအဝင် ဒေသတစ်ခုတုန့်ပြန်မှုတစ်ခု(One ASEAN One Response) ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter