ဇီးကုန်းစံပြမူလတန်းကြိုကျောင်းဖွင့်လှစ်

ပဲခူးတိုင်း၊ မတ်လ (၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျှက် မတ်လ(၁)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ငွေပဒေသာပင်အတွက် (၁၀)သိန်းကျပ်နှင့် မိသားစုသုံး ပစ္စည်းများကို ထောက်ပံ့ကန်တော့ပါသည်။

      မတ်လ(၂)ရက်နေ့တွင် ဝန်ကြီးဌာန ဘတ်ဂျက်မှ (၁၀၇၄.၀၇)သိန်းကျပ်ဖြင့် စံချိန်စံညွှန်းမှီ ဆောက်လုပ်သည့် ဇီးကုန်းမြို့ စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်း၍ မူကြိုကလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။

      အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ (ECCD)အကြောင်း ရှင်းလင်းပြောကြားပြီး မူကြိုကလေးများ၏ မိခင်ဖခင်များအတွက် မိသားစုသုံးပစ္စည်းများ (Family Kit)ကို ထောက်ပံ့ပေး၍ ဒေသခံတဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

      ထို့နောက် တောင်တွင်းကြီးမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာသို့ ကွင်းဆင်း၍ မီးလောင်ပြင်အား ကြည့်ရှုစစ်ဆေးပြီး မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားကာ အိမ်ခြေ(၈၉)လုံးအတွက် တစ်အိမ်လျှင် (၃)သိန်းကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၆၇)သိန်းကျပ်၊ အိမ်ထောင်စု(၉၀)အတွက် (၂၀)သိန်းခန့်တန်ဖိုးရှိသည့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးဖြစ်သော ကျားလုံချည်၊ မလုံချည်၊ တီရှပ်(၂)ထည်၊ ခြင်ထောင်၊ စောင်၊ ဒန်အိုး၊ ဆပ်ပြာ၊ မျက်နှာသုတ်ပဝါ တို့ကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ပြီး မီးဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter