သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) အခ‌ပေးသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်သူများအ‌နေဖြင့် ပြုစုစောင့်ရှောက်မှု နည်းပညာများကို စနစ်တကျ သိရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်းအမှတ်စဉ်(၂)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ (၅.၁.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ထိ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသားပေါင်း (၂၀)ဦးတို့အား သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်သူများအဖြစ် သင်တန်းဆင်းပေးနိုင်ခဲ့ ပါသည်။

      သင်တန်းတွင် စာတွေ့သင်ကြားမှုအဖြစ် သက်ကြီးသူတို့၏ သဘောသဘာဝ၊ ပြောဆိုဆက်ဆံပုံ၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု၊ ကျန်းမာရေးကဏ္ဍ၊ သက်ကြီးအထောက်အကူပြု ကိရိယာများ၊ အခြေခံ ကျန်းမာရေးနှင့် စောင့်ရှောက်မှု၊ ကိုယ်လက်လှုပ်ရှားမှုနှင့် အခြားကဏ္ဍများအပါအဝင် သင်ခန်းစာ (၉)ခုအား ကျွမ်းကျင်ဆရာမများက သင်ကြားပေးခဲ့ပါသည်။

      လက်တွေ့ပိုင်းအနေဖြင့် ရန်ကုန်မြို့ပေါ်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ ဆည်းဆာရိပ်ဂီလာန ဘိုးဘွားရိပ်သာနှင့် သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ တို့တွင် လက်တွေ့ပြုစု စောင့်ရှောက်မှုများအား သင်ကြားပေးပြီး သင်တန်းကာလ (၈)ပါတ်ကြာမြင့်ခဲ့ ပါသည်။ စိတ်ဝင်စားသူများအနေဖြင့် သင်တန်းတက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်ရေးအချက်အလက်များနှင့်အတူ လာရောက်လျှောက်ထားနိုင်ပါသည်-

   (က) အသက်(၁၈)နှစ်ပြည့်ပြီး အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။

   ( ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအား စိတ်ပါဝင်စားသူ ဖြစ်ရမည်။

   ( ဂ) သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား လိုက်နာပြီး အချိန်ပြည့် သင်တန်း တက်ရောက်နိုင်သူ ဖြစ်ရမည်။

      သင်တန်းကာလ(၈)ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းဆိုင်ရာ အသေးစိတ်အချက် အလက်များကို သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ အမှတ်(၆၄)၊ ကမ္ဘာအေးစေတီလမ်းနှင့် ပါရမီလမ်းထောင့် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁ ၆၅၇၉၁၄/၀၁ ၆၅၇၀၁၃ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

FacebookTwitter