ဒေးဒရဲမြို့ စံပြမူလတန်းကြိုကျောင်းဖွင့်လှစ်

ဧရာဝတီတိုင်း၊ မတ်လ (၂၆) -

    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် မတ်လ(၂၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိပြီး ဝန်ကြီးဌာနမှ (၃၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ကျောက်စိမ်းလမ်းတွင် ကျန်ရှိသည့် ကွန်ကရစ်လမ်းနှင့် ပတ္တမြားလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးပါသည်။

     ၎င်းနောက်(၁၀)ရပ်ကွက်၌ ဝန်ကြီးဌာနမှ (၅၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ဝန်ကြီးဌာနမှ (၁၈၈.၉)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ပြည်သူ့ပန်းခြံအတွင်း ဖျာပုံမြစ်ကမ်းပါးထိန်း ကွန်ကရစ်နံရံ ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေးပါသည်။

      ဆက်လက်၍ ဒေးဒရဲမြို့သို့ သွားရောက်ပြီး ဝန်ကြီးဌာနမှ(၁၀၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် စန္ဒာမုနိဘုရားကြီးလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေးပါသည်။

     ၎င်းနောက် ဝန်ကြီးဌာနမှ (၄၅၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ဒေးဒရဲမြို့ စံပြမူလတန်းကြိုကျောင်းဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေး၍ မူကြိုကလေးများအား လက်ဆောင်ပစ္စည်းများ ပေးခဲ့ပါကြောင်း သိရှိရပါသည်။

FacebookTwitter