ပြည်ထောင်စုဝန်ကြီးအား သက်ဆိုင်ရာဦးစီးဌာနများမှ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ ရှင်းလင်းတင်ပြ

      နေပြည်တော်၊ ဧပြီ ၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ဦးစီးဌာနများမှ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၂၃)ရှိ အဆိုပါဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သည် မိမိတို့အစိုးရအဖွဲ့သစ် (တစ်နည်းအားဖြင့်) ပြည်သူ့အစိုးရအဖွဲ့အသစ် ပြည်ထောင်စုဝန်ကြီးအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနကို တာဝန်ယူရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အစိုးရအဖွဲ့သစ်အနေဖြင့် မူဝါဒများချမှတ်ထားရှိပြီး အဓိက ပြည်သူ့အကျိုးအတွက် ထိရောက်စွာ ပြောင်းလဲရမည့် အရာများ၊ လုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရာထူးထက်တာဝန်သည် ပိုအရေးကြီးသည်ကို သိရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုပါကြောင်း၊ ဝန်ထမ်းများသည် အတွေ့အကြုံများ ရှိပြီးဖြစ်သည့်အတွက် မိမိတာဝန်ဘာလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား သိဖို့လိုကြောင်းနှင့် လုပ်ငန်းများ သွက်လက်မြန်ဆန်ထိရောက်ဖို့ ချုပ်ကိုင်မှုများကိုလည်း လျှော့ချဖို့လိုကြောင်း၊ လုပ်ငန်းများ ထိရောက်အောင်မြင်စေရန် အခြားဝန်ကြီးဌာနများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် ပြည်သူတို့၏အသံကို နားထောင်ခြင်း၊ ပြည်သူတို့၏ဆန္ဒကို အမှန်တကယ်သဘောပေါက် နားလည်ခြင်း၊ ပြည်သူတို့၏ မျှော်လင့်ချက်များကို ထိရောက်စွာ ဖော်ဆောင်ပေးနိုင်ခြင်း စသည်တို့ကို အမြဲအလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနသည် ပြည်သူနှင့် အနီးစပ်ဆုံးနေရာတွင် ရှိနေရမည်ဖြစ်ကြောင်း သို့မှသာ ပြည်သူ၏ အားကိုးယုံကြည်မှုကို ရယူနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ မျှော်လင့်ချက်သည် အလွန်မြင့်မားသဖြင့် ထိုမြင့်မားသော မျှော်လင့်ချက်များကို ပြည်သူ့အားဖြင့်ပင် အောင်မြင်စွာအကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း အားလုံးမှ သိရှိသဘောပေါက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူ၏ လိုအပ်ချက်များကို အကောင်းဆုံးဖြစ်အောင် ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်ကြဖို့နှင့် ဝန်ထမ်းများအားလုံး အဂတိတရားကင်းရှင်းပြီး တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ 

      ထို့နောက် အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့မှ သက်ဆိုင်ရာဦးစီးဌာန လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထာင်စုဝန်ကြီးနှင့် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter