လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန(Emergency Operation Centre-EOC)ရှိ စက်ပစ္စည်းကိရိယာများ အသုံးပြု

ရန်ကုန်၊ ဧပြီ (၆) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ(၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNOCHA အဖွဲ့အစည်းမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms.Renata Lok-Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများ၊ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စများ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါကိစ္စများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

      အလားတူ နံနက်(၁၀း၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ UNICEF ဌာနေ ကိုယ်စားလှယ် Mr.Bertrand Bainvel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့် ရှောက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကိစ္စများ၊ မိုင်းအန္တရာယ်အသိပညာပေးရေး၊ မသန်စွမ်းကလေးသူငယ်များအပါအဝင် အထူးကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ သဘာဝဘေးဖြစ်ပွားရာ ဒေသများ၌ အရေးပေါ် တုံ့ပြန်မှုဆိုင်ရာကိစ္စရပ်များ၊ ဖြစ်ရပ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် ရက်(၁၀၀)စီမံချက်အတွင်း ပူးပေါင်းဆောင်ရွက်နိုင်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ နေ့လည်ပိုင်း(၁၃း၀၀)နာရီတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr.Winfried Wicklein ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအား လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံပြည်သူလူထု သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားရေး အမျိုးသားရေးအဆင့် မူဘောင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ အာရှပစိဖိတ်သဘာဝဘေးအတွက် ကူညီပံ့ပိုးရေးရန်ပုံငွေအား သုံးစွဲမှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ ကျား/မရေးရာ အခြေအနေလေ့လာစမ်းစစ်မှု စစ်တမ်းဆိုင်ရာကိစ္စရပ်များ၊ လူမှုကာကွယ် စောင့်ရှောက်ရေး အညွှန်းကိန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

      ထို့အပြင် ရက်(၁၀၀)စီမံချက်တွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကူညီဆောင်ရွက်နိုင်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲများသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

      ထို့နောက် ၂၀၁၆ခုနှစ်၊ ဧပြီလ(၇)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏ ဘေးမဖြစ်ပွားမီ ပုံမှန်ချိန်များတွင် မိုးလေဝသအခြေအနေ သတင်းများနှင့် အာဆီယံဒေသတွင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာမှု အခြေအနေများ၊ ပြည်သူလူထုထံ သတင်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးအတွက် လူမှုကွန်ယက်များဖြစ်သည့် ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘုတ် တို့မှ သတင်းအချက်အလက်ဖြန့်ဝေမှုများကို လာရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

      ထို့အပြင် အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှု ဗဟိုဌာနတွင် တပ်ဆင်ထားသည့် Single Side Band-SSB စက်ကိရိယာများသုံးစွဲ၍ တိုင်း ဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ မိုးလေဝသ သတင်းအခြေအနေများ ပေးပို့ဆောင်ရွက်မှုကို ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်စမ်းသပ် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် SSB စက်များ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

FacebookTwitter